Tuesday, November 27, 2012

GSM ဖုန်းများတွင် အင်တာနက်စနစ်ကို 3G သို့ တိုးမြှင့်ကာ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်





AddThis  Social Bookmark Button
GSM ဖုန်းများတွင် အင်တာနက်စနစ်ကို 3G စနစ်သို့ တိုးမြှင့်ကာ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် GSM ဖုန်းများတွင် အသုံးပြုနေသည့် အင်တာနက်စနစ်မှာ 2G စနစ်ဖြစ်ပြီး အင်တာနက်အသုံးပြုရာတွင် နှေးကွေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထို့ကြောင့် GSM ဖုန်းများတွင် 3G အင်တာနက်စနစ်ကို တိုးမြှင့်ထုတ်လုပ်နိုင်ရန် ပြည်ပကုမ္ပဏီ ၃ ခုနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။

''ZTE, Huawei နဲ့ Alcatel Shanghai Bell ကုမ္ပဏီတို့နဲ့ ပူးပေါင်းထုတ်လုပ်သွားမှာပါ။ နိုဝင်ဘာလလယ်ကနေ လာမယ့် နှစ်လအတွင်း 3G GSM ဖုန်းလိုင်း တစ်သန်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းတွေမှာ အင်တာနက်တွေ ပိုကောင်းလာမှာပါ'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။

ထိုပြင် လက်ရှိရောင်းချနေသော  ၂သိန်းတန် GSM ဖုန်းများကိုလည်း ငွေကျပ် ၁ သိန်းခွဲသို့ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ လျော့ချ ရောင်းချပေးရန်ရှိကြောင်း သိရှိရသည်။

''ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး ဈေးချိုအောင် ဆောင်ရွက်နေပါတယ်။၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလလောက်မှာ ရောင်းချမယ့် 3G GSM ဖုန်းတွေက ဈေးနှုန်းအနည်းဆုံး ၁ သိန်းခွဲလောက် ဖြစ်ပါမယ်'' ဟု ဦးဌေးဝင်းက ဆက်လက်ပြောကြားခဲ့သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက ၀န်ဆောင်မှုများအတွက် တင်ဒါများခေါ်ယူထားကြောင်း သိရှိရသည်။

မြောက်ကိုရီးယားမှ စိုးမင်းထိုက် ကုမ္ပဏီသို့ တင်ပို့သော လက်နက်အဆင့် ထုတ်လုပ်နိုင်သည့် ပစ္စည်းများပါ သင်္ဘောကို ရှာဖွေခဲ့ကြောင်း ဂျပန်သတင်းစာ၏ ဖော်ပြချက်သည် ကုမ္ပဏီနှင့်သာ ဆိုင်မည်ဖြစ်ပြီး အစိုးရနှင့် ပတ်သတ်ခြင်း လုံးဝမရှိဟု သမ္မတရုံး ညွှန်ကြားရေးမှူးပြောကြား


PDF






nm1


မြန်မာနိုင်ငံအတွက် မြောက်ကိုရီးယားမှ လက်နက်အဆင့် ထုတ်လုပ်နိုင်သည့်ပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောအား ဂျပန်ဆိပ်ကမ်းတွင် ရပ်နားစဉ် ၀င်ရောက်ရှာဖွေခဲ့ကြောင်း ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်းတွင် သတင်းဖော်ပြထားသည်။အဆိုပါသတင်းပါ အကြောင်းအရာများနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး
ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြန်လည် ငြင်းဆိုထားသည်။ " အကယ်၍ ဒီသတင်းမှန်တယ်ဆိုရင်တောင် အဲဒီသတင်းမှာပါတဲ့ သက်ဆိုင်ရာ ကုမ္ပဏီနဲ့သာ ဆိုင်ပါလိမ့်မယ်။ မြန်မာအစိုးရနဲ့ ပတ်သက်ခြင်း လုံးဝမရှိပါဘူး" ဟု နိုင်ငံသမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ငြင်းဆိုထားသည်ဟု ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားသည်။

ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်းက ယူရေနီယမ်သန့်စင်ခြင်း သို့မဟုတ် ဒုံးကျည်ထုတ်လုပ်ခြင်းအတွက် အသုံးပြုနိုင်သော ပစ္စည်းများကို မြောက်ကိုရီးယားက တရုတ်မှတစ်ဆင့် မြန်မာသို့ သင်္ဘောဖြင့်ပေးပို့ရန် ယခုနှစ်တွင် ကြိုးပမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ မြောက်ကိုရီးယား၏ ယခုလုပ်ရပ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်မည် ဖြစ်သည်ဟုလည်း သုံးသပ်ထားသည်။

ယင်းသင်္ဘောတွင် သတ္တုပိုက်လုံး ၅၀ ခန့်၊ အထူးပြုလုပ်ထားသော အလူမီနီယံ အလွိုင်းဘား ၁၅ ခုခန့် တို့အပါအ၀င် အခြားပစ္စည်းများကို တင်ဆောင်လာခြင်းဖြစ်ပြီး ယင်းပစ္စည်းများမှာ အနည်းဆုံးအားဖြင့် နျူကလီးယားလက်နက် စီမံကိန်းအတွက် လိုအပ်သော စက်ဒလက်များ ပြုလုပ်ရာတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်ဝမ် ရေကြောင်းကုမ္ပဏီတစ်ခုက တာ့လျန်တွင် ဇူလိုင်လ ၂၇ ရက်က စင်ကာပူ၌ မှတ်ပုံတင်ခဲ့သော တန်ချိန် ၁၇၁၃၈ တန်ရှိသော Wan Hai 215 သင်္ဘောပေါ်တွင် ယင်းပစ္စည်းများ တင်ဆောင်လာခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သြဂုတ်လ ၉ ရက်တွင် ယင်းပစ္စည်းများကို တရုတ်နိုင်ငံ၊ Shekou ၌ တန်ချိန် ၂၇၈၀၀ တန်ရှိ Wai Hai 313 သင်္ဘောသို့ ရွှေ့ပြောင်းခဲ့သည်။ သြဂုတ်လ ၁၄ ရက်တွင် ယင်းသင်္ဘောသည် မလေးရှား၌ သင်္ဘောပြန်ပြောင်းရန် စီစဉ်ထားပြီး သြဂုတ်လ ၁၅ ရက်တွင် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ရန် စီစဉ်ထားကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုက ကုန်သေတ္တာအတွင်း ပါဝင်သည့် ပစ္စည်းများနှင့်ပတ်သက်ပြီး သံသယရှိသောကြောင့် မလေးရှားတွင် သင်္ဘောလွှဲပြောင်းမှု မလုပ်ရန် ထိုင်ဝမ်သင်္ဘောကုမ္ပဏီအား တောင်းဆိုခဲ့သည်။

Wai Hai 313 သည် တိုကျိုဆိပ်ကမ်းသို့ သြဂုတ်လ ၂၂ ရက်နေ့တွင် ဆိုက်ကပ်လာခဲ့သည်။ တိုကျိုအကောက်ခွန်၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် အခြားအေဂျင်စီများက အရာရှိများက ကာဂိုကို စစ်ဆေးခဲ့သောအခါ မေးခွန်းထုတ်ဖွယ်ရာ ပစ္စည်းများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အမေရိကန်၏ တောင်းဆိုချက်အရ သြဂုတ်လ ၂၂ ရက်တွင် တိုကျိုဆိပ်ကမ်း၌ ကပ်ထားသော ယင်းသင်္ဘောကို ဂျပန်တာဝန်ရှိသူများက စီးနင်းရှာဖွေခဲ့ပြီး ယင်းသင်္ဘောပေါ်ရှိ ပစ္စည်းများအား သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက အဆာဟိသို့ ပြောကြားခဲ့သည်။ ယင်းသင်္ဘောပေါ်တွင် တွေ့ရသော အလူမီနီယံ အလွိုင်းဘားများ၌ DPRK ဟု တံဆိပ်နှိပ်ထားသဖြင့် ယင်းသင်္ဘောသည် မြောက်ကိုရီးယားမှ စတင်ထွက်လာခြင်း ဖြစ်မည်ဟု တာဝန်ရှိသူများက ကောက်ချက်ချခဲ့သည်။ သို့သော် ယင်းသင်္ဘော၏ မှတ်တမ်းများ သို့မဟုတ် သင်္ဘောသားတို့၏ မူရင်းအကြောင်းအရာများကိုမူ စုံစမ်းစစ်ဆေးသူများက အတည်မပြုနိုင်သေးကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားမှ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သယ်ယူလာသည်ဟု သံသယရှိသော သင်္ဘောများမှ ကာဂိုများကို အစိုးရက စစ်ဆေးခွင့်ရှိသော အထူးဥပဒေတစ်ရပ်ကို ဂျပန်အစိုးရ ပထမဆုံးအကြိမ် အသုံးချခဲ့ခြင်း ဖြစ်သည်။

ယင်းပစ္စည်းများကို ရန်ကုန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် စိုးမင်းထိုက် ကုမ္ပဏီအတွက် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရပြီး ယင်းကုမ္ပဏီသည် မြန်မာစစ်ဘက်က အပေါ်ယံဗန်းပြထားမှု တစ်ခုဖြစ်ကြောင်း အမေရိကန်အစိုးရက ယုံကြည်ထားသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၊ တာ့လျန်အခြေစိုက် ကုမ္ပဏီတစ်ခုနှင့် အဆာဟိသတင်းစာ အင်တာဗျူးတစ်ခုတွင် ယင်းကုမ္ပဏီက အလူမီနီယံ အလွိုင်းဘားများကို မြန်မာသို့ပို့ရန် ကြိုးစားခဲ့ဖူးကြောင်း အတည်ပြုခဲ့သည်။ ကုမ္ပဏီ၏ တောင်းဆိုချက်အရ မိမိတို့ကုမ္ပဏီသည် ယင်းသင်္ဘောပိုင်ရှင်ဖြစ်ခဲ့ကြောင်း၊ ယင်းသင်္ဘော အဖမ်းခံရကြောင်း ကြားသိရပြီး အဘယ်ကြောင့် အဖမ်းခံခဲ့ရသည်ကိုမူ မသိခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

nm

 

မြောက်ကိုရီးယားသည် အလူမီနီယံ အလွိုင်းဘားများကို တရုတ်မှတစ်ဆင့် ရရှိခဲ့သည်ဟု ဂျပန်အစိုးရ တာဝန်ရှိသူများက ယုံကြည်ထားပြီး မြောက်ကိုရီးယားတွင် ယင်းပစ္စည်းများ ထုတ်လုပ်နိုင်သော နည်းပညာ မပိုင်သေးကြောင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသို့ ယင်းပစ္စည်းများ ပေးပို့ရန် တရုတ်စစ်ဘက်က အတည်ပြုချက် ပေးခဲ့ဖွယ်ရှိသည်ဟု ဂျပန်အစိုးရက ယုံကြည်ခဲ့သည်။

မြန်မာသည် တစ်ချိန်က ကြိုးပမ်းခဲ့သော နျူကလီးယားလက်နက် စီမံကိန်းရည်မှန်းချက်များကို စွန့်လွှတ်လိုက်ပြီဟု အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က ယုံကြည်ထားသည်။ သို့သော် ယခုတွေ့ရှိထားသော အလူမီနီယံ အလွိုင်းဘားများသည် ဒုံးကျည်များထုတ်လုပ်ရာတွင် အသုံးပြုနိုင်ခြေရှိသည်ဟု တာဝန်ရှိသူများက မသင်္ကာဖြစ်နေသည်။ မြန်မာသည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ပြဿနာများအတွက် ရည်ရွယ်ပြီး တာတိုပစ်ဒုံးကျည်များ ထုတ်လုပ်ရန် ယုံကြည်ရသည်ဟု တောင်ကိုရီးယားအစိုးရ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၁၉ ရက်တွင် ရန်ကုန်သို့ အမေရိကန်သမ္မတ ဘာရက်အိုဘားမား လာရောက်ပြီး သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် အိုဘားမားက မြန်မာနှင့်မြောက်ကိုရီးယားအကြား စစ်ရေးဆက်ဆံမှုအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားနှင့် ဆက်ဆံမှု ရပ်ဆိုင်းရန် မြန်မာအပေါ် အမေရိကန်က ဖိအားပေးမှုအား ပြုံယမ်းက ဝေဖန်ခဲ့သည်။

တွေ့ရှိမှုများကြောင့် ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ မြောက်ကိုရီးယားတို့အနေဖြင့် ၄င်းတို့၏ နျူမပြန့်ပွားရေး မူဝါဒကို ပြန်လည်သုံးသပ်ရမည့် အနေအထားသို့ ရောက်သွားခဲ့သည်။

မြောက်ကိုရီးယားသည် လိုအပ်သော အလူမီနီယမ် သတ္ထုစပ်များကို အခက်အခဲမရှိ ထုတ်လုပ်နိုင်သောကြောင့် နျူစက်ရုံအတွက်သုံးသည့် စက်ဒလက် အမြောက်အများကိုလည်း  ယခုအချိန်တွင် ပိုင်ဆိုင်ထားပြီဟု ယူဆဖွယ်ရှိနေသည်ဟု ဂျပန်အစိုးရ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် မြောက်ကိုရီးယားက ယုံပြောင်ရှိ နျူဆက်စပ်ပစ္စည်း စက်ရုံတစ်ခုရှိ စက်ဒလက်အမြောက်အများကို အမေရိကန်ပညာရှင်အဖွဲ့ကို ပြသခဲ့သည်။ သွားရောက်ကြည့်ရှုခွင့် ရခဲ့သူများအဆိုအရ စက်ဒလက် ၂၀၀၀ ခန့်ရှိပြီး အခြေအနေအရပ်ရပ် ပြည့်စုံပါက တစ်နှစ်အတွင်း အဆင့်မြင့်သန့်စင်ပြီး ယူရေနီယမ် ကီလိုဂရမ် ၄၀ အထိ ထုတ်လုပ်နိုင်ရန် လုံလောက်သည့် အနေအထားတွင်ရှိကြောင်း တွေ့ရှိခဲ့သည်။

မြောက်ကိုရီးယားသည် နေရာအနှံ့အပြားတွင် မြေအောက်ယူရေနီယမ် သန့်စင်စက်ရုံများ ထပ်ဆောင်းတည်ဆောက် လည်ပတ်နေသည်ဟု အမေရိကန်နှင့် တောင်ကိုရီးယား ထောက်လှမ်းရေးများက သံသယရှိနေသည်။

''မြောက်ကိုရီးယားဟာ ဘယ်တော့မှ သူ့ဖဲချပ်တွေ အကုန်လှန်ပြမှာ မဟုတ်ပါဘူး။ တစ်ခြားဆက်စပ် စက်ရုံတွေ အများကြီး ရှိနေပါဦးမယ်'' ဟု တောင်ကိုရီးယားအစိုးရ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

ဗုံးအတွက် ပလူတိုနီယမ် ထုတ်ပေးရန်လိုသော ဓာတ်ပေါင်းဖိုများနှင့် ယှဉ်လျှင် စက်ဒလက်များ မည်သို့ရွှေ့ပြောင်းနေသည်ကို ထောက်လှမ်းရေးဂြိုဟ်တုမှ စောင့်ကြည့်ရန်မှာ နေရာအရွယ်အစား သေးငယ်ခြင်းကြောင့် ခက်ခဲသည့်ကိစ္စ ဖြစ်သည်။

မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံအကြား စစ်ဘက်ဆက်ဆံရေး ရှိခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းက မကြာသေးမီကာလအတွင်း ဂျပန်အစိုးရ အရာရှိများကို ပြောခဲ့သည်မှာ မြောက်ကိုရီးယားသည် ယခင်က မြန်မာနိုင်ငံမှ မှာယူထားခဲ့ပြီးဖြစ်သော လက်နက်အချို့ကို တင်ပို့ရန် ရှိနေသေးသည်ဟု ပြောကြားထားခဲ့သည်ဟုလည်း အဆာဟိရှင်ဘွန်းက ဖော်ပြထားသည်။ သို့ရာတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားမှ နောက်ထပ်လက်နက်သစ် မှာယူထားခြင်း မရှိတော့ကြောင်းလည်း  လွှတ်တော်ဥက္ကဋ္ဌက ပြောခဲ့သည်ဟုဆိုသည်။ ၂၀၁၁ ခုနှစ် နွေဦးမှစတင်ပြီး မြန်မာနှင့် မြောက်ကိုရီးယားအကြား စစ်ရေးအရ လဲလှယ်လွှဲပြောင်းမှုများ မရှိတော့ဟု မြန်မာအရာရှိများက ပြောကြားထားခဲ့သည်များနှင့် မူကွဲလွဲလျက် ရှိသည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလက စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးအဖြစ် သူရဦးရွှေမန်းက သွားရောက်ခဲ့စဉ်တွင် စစ်လက်နက်ပစ္စည်းများ မှာယူခဲ့ဖူးသည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားက ယူဆထားသည်။ သွားရောက်ခဲ့သည့် နေရာများတွင် မြောက်ကိုရီးယား ဒုံးကျည်ဆက်စပ် စက်ရုံများလည်း ပါဝင်ခဲ့သည်။

ဇန်န၀ါရီလတွင် တရုတ်မှတစ်ဆင့် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသော သင်္ဘောတစ်စင်းတွင် ပါရှိလာသည့် ကာဂိုသည် မြောက်ကိုရီးယားနိုင်ငံ နမ်ပိုဆိပ်ကမ်းမှ လာခြင်းဖြစ်ပြီး မြန်မာစစ်ဘက်နှင့် ပတ်သက်သော အဖွဲ့အစည်းတစ်ခုမှ မှာယူခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။

''ဒီကုန်သေတ္တာမှာ လက်နက်ထုတ်လုပ်ဖို့ အဓိကကျတဲ့ စက်ပစ္စည်းတွေ ပါပါတယ်။ မြန်မာနဲ့မြောက်ကိုရီးယားအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ မပြတ်တောက်သေးပါဘူး'' ဟု ရန်ကုန်ရှိ သံတမန် သတင်းရင်းမြစ်တစ်ဦးက ပြောကြားထားသည်ဟုလည်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် စိုးမင်းထိုက် ကုမ္ပဏီသည် လွန်ခဲ့သည့် နှစ် ၂၀ ၀န်းကျင်ခန့်အတွင်း တရုတ်နိုင်ငံထုတ် စစ်တပ်သုံး ထရပ်ကားများအပါအ၀င် စစ်တပ်သုံးပစ္စည်းအချို့ကို တင်သွင်းမှုများလုပ်ဆောင်ခဲ့သည်ဟု ယင်းကုမ္ပဏီနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။ ထို့ပြင် မြန်မာနိုင်ငံ၌ အခြားကုမ္ပဏီလုပ်ငန်း အကြောင်းပြ စစ်တပ်သုံးပစ္စည်း ၀ယ်ယူတင်သွင်းသည့် ကုမ္ပဏီအချို့ရှိနေသေးကြောင်းလည်း သိရသည်။

အဆာဟိ ရှင်ဘွန်းသတင်းတွင် ပါရှိသော မြောက်ကိုရီးယားမှ တင်ပို့သော ကုန်သေတ္တာကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ရှင်းလင်း ပြောကြားချက် အပြည့်အစုံ

၁။ အဆိုပါ ဖြစ်စဉ်မှ ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်ဖြစ်ကြောင်း ဖော်ပြထားပြီး ဂျပန်
အစိုးရထံမှ တရားဝင် ထုတ်ဖော်ပြောကြားခြင်း မဟုတ်ကြောင်း တွေ့ရှိရပါသည်။ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့်လည်း နိုင်ငံတော်သမ္မတကြီးအနေဖြင့် မကြာသေးခင်ကပင် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံထိပ်သီအစည်းအဝေးတက်ရောက် စဉ် နှစ်နိုင်ငံတွေဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည် ဖြစ်၍ မြန်မာ-ဂျပန်ဆက်ဆံရေး အခြေအနေကောင်းများကို တွေ့ရှိနိုင်မည် ဖြစ်ပါသည်။

၂။ ၁၈-၁၁-၂၀၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်(၂/၂၀၁၂) တွင်လည်း အောက်ပါအတိုင်း အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါသည်-

(က) ပြည်ထောင်စုအစိုးရအနေနှင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏နောက်တိုးလိုက်နာရန်အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင်ရန်နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော်သမ္မတကြီးက အတည်ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါသည်။ (လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်မှလည်း လက်မှတ်ရေးထိုးရန် သဘောတူထားပြီး ဖြစ်၍ လက်မှတ်ရေးထိုးနိုင်ရန် ယခုအခါ ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။)

(ခ) မြန်မာနိုင်ငံအနေဖြင့် IAEA စတင် ဖွဲ့စည်းသည့် ၁၉၅၇ခုနှစ်တည်းက အဖွဲ့ဝင်အဖြစ် ပါဝင် ခဲ့ပြီး ၁၉၉၂ခုနှစ် ဒီဇင်ဘာတွင် အဏုမြူလက်နက်မပြန့်ပွားရေးဆိုင်ရာစာချုပ် (Non-Proliferation Treaty, NPT) ကို လည်းကောင်း၊ ၁၉၉၅ခုနှစ်တွင် NPT ၏ နောက်တိုး သဘောတူညီချက် ဖြစ်သည့် Small Quantities Protocol စောင့်ကြည့်ထိန်းသိမ်းရေး စာချုပ်နှင့် အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းစင်ရေးစာချုပ် (Southeast Asian Nuclear-Weapon-Free Zone Treaty) များကိုလည်းကောင်း၊ ၁၉၉၆ခုနှစ် တွင် နျူကလီးယားစမ်းသပ်မှုတားဆီးရေး သဘောတူညီချက် (Comprehensive Nuclear Test Ban Treaty) တို့ကိုလည်းကောင်း လက်မှတ်ရေးထိုး ထားပြီး ဖြစ်ပါသည်။

(ဂ) ပြည်ထောင်စုအစိုးရအနေနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ကုလ သမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာဆောင်ရွက်ရန်လည်း အခိုင်အမာ ဆုံးဖြတ်ချက်ချထားပြီး ဖြစ်ပါသည်။

၃။ ယခင်က သုတေသနနျူကလီးယားဓါတ်ပေါင်းဖို တစ်ခု တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံတော်၏ ငွေကြေးတတ်နိုင်မှု၊ နည်းပညာ စသည့်လိုအပ်ချက်များကြောင့်လည်းကောင်း၊ နိုင်ငံတကာ အသိုင်း အဝိုင်းမှ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေခဲ့ခြင်းကြောင့်လည်းကောင်း နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော အစိုးရလက်ထက်တွင် ယင်းသုတေသနစီမံကိန်းကို စွန့်လွှတ်ထားပြီး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် အခွင့်အခါ ကြုံတိုင်း ရှင်းလင်း ပြောကြားလျက် ရှိကြောင်း အထင်အရှား တွေ့ရှိနိုင်ပါသည်။

သို့ပါ၍ အဆာဟိရှင်ဘွန်းသတင်းစာပါ သြဂုတ်လ ၂၂ ရက်နေ့နောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများအား ပြန်လည် လေ့လာကြည့်လျှင် ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေးမှု၊ နိုင်ငံတကာခေါင်းဆောင်များနှင့် စဉ်တိုက်ဆက်တိုက် တွေ့ဆုံမှုများ၊ အမေရိကန်သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်သွားခဲ့မှု စသည့် ကြီးမားလှသော ဖြစ်စဉ် ဖြစ်ရပ်များစွာ တွေ့မြင်နိုင်ခြင်းကြောင့် အဆာဟိရှင်ဘွန်းသတင်းစာပါ ဖော်ပြချက်နှင့်စပ်လျဉ်း၍ စဉ်းစားသုံးသပ် နိုင်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားလိုပါသည်။

Sunday, November 18, 2012

မြန်မာ့ ဒီမိုကရေစီအရေးကို စဉ်ဆက်မပြတ် အားပေးခဲ့ သည့် နိုင်ငံ့ခေါင်းဆောင် တစ်ဦးအဖြစ် သမ္မတအိုဘားမား အား မြန်မာပြည်သူ များ ကြိုဆိုကြမည်၊ မြန်မာ့နိုင်ငံရေး သမိုင်းတွင် အစဉ်အလာ ကြီးမားခဲ့သော ရန်ကုန်တက္ကသိုလ်၌ အိုဘားမား မိန့်ခွန်းပြောကြားရန် စီစဉ်ထား

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအတွင်း ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို
နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ-အောင်ဇော်ထွန်း

 

871a
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအား နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ-အောင်ဇော်ထွန်း
871b
ကမ္ဘာအေးစေတီလမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ မီးပွိုင့်အနီးတွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားပုံတူ
ရေးဆွဲထားမှုကို နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ-အောင်ဇော်ထွန်း

 

871c
ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တံဆိပ်ရိုက်လုပ်ငန်းများတွင် အမေရိကန်နိုင်ငံအလံများကို တွေ့ရစဉ် ဓာတ်ပုံ-အောင်ဇော်ထွန်း

 

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန်သမ္မတ အိုဘားမားအား မြန်မာ့ဒီမိုကရေစီအရေးကို စဉ်ဆက်မပြတ် အားပေးခဲ့သည့် နိုင်ငံ့ခေါင်းဆောင် တစ်ဦးအား ကြိုဆိုသည့်အသွင်ဖြင့် သမ္မတ အိုဘားမားအား မြန်မာပြည်သူများက ကြိုဆိုကြမည်ဖြစ်ကြောင်း Facebook ကဲ့သို့သော လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် သတင်းများ ထွက်ပေါ် ပျံ့နှံ့နေသည်။

အဆိုပါသတင်းများ၌ အမေရိကန် သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အိုဘားမားပုံစံတူလူ ရုပ်ကြီးများဖြင့်လည်း ကြိုဆိုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အမေရိကန် သမ္မတတစ်ဦး၏ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သော ခရီးစဉ်အား မြန်မာပြည်သူများမှ ကြိုဆိုလိုလျှင် လုံခြုံရေးအခြေ အနေပေါ်မူတည်ကာ ကြိုဆိုခွင့် ပေးသွားမည် ဖြစ်ကြောင်း မြန်မာအစိုးရနှင့် နီးစပ်သူ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် ကြိုဆိုမှုအဖြစ် ရန်ကုန်မြို့ကန်တော်ကြီးပတ်လမ်းနှင့် ရွှေဂုံတိုင် Excel Tower အနီးတွင် အိုဘားမား၏ ရုပ်ပုံ၊ မြန်မာနိုင်ငံအလံနှင့် အမေရိကန်နိုင်ငံအလံတို့ကို ပေါင်းစပ်ထားသည့် Welcome Obama   စာသားပါ Graffiti  ရုပ်ပုံတစ်ခုကို မြန်မာလူငယ်တစ်စုက ရေးဆွဲခဲ့သည်။ တံဆိပ်ရိုက်လုပ်ငန်းများတွင်လည်း အမေရိကန်သမ္မတ လာရောက်လျှင် ကြိုဆိုရန်အတွက် ပြင်ဆင်နေသူများက အမေရိကန်နိုင်ငံ အလံများ ၀ယ်ယူမှုများပြားလျက်ရှိကြောင်း သိရသည်။


ရန်ကုန်တက္ကသိုလ်သည် တိုင်းတစ်ပါး နယ်ချဲ့လက်အောက်သို့ ကျရောက်စဉ်ကစ၍ လွတ်လပ်ရေး ကြိုးပမ်းသည့် ကာလအထိ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ခေတ်သမိုင်း အဆက်ဆက်တွင် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ၊ မျိုးချစ်ခေါင်းဆောင်ကြီးများနှင့် စာပေအနုပညာရှင်ကြီးများ ထွက်ပေါ်ခဲ့သည့် နေရာဖြစ်သလို  . . .

ထို့အပြင် သမ္မတအိုဘားမားသည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အစဉ်အလာ ကြီးမားခဲ့သော ရန်ကုန်တက္ကသိုလ်တွင် လူထုအား မိန့်ခွန်းပြောကြားရန် စီစဉ်ထားရာ ၎င်းမလာရောက်ခင် ရက်ပိုင်းအတွင်းတွင် ရန်ကုန်တက္ကသိုလ်ကို အကြီးစားပြင်ဆင်မှုများ ပြုလုပ်နေသည်။   

ရန်ကုန်တက္ကသိုလ်သည် တိုင်းတစ်ပါးနယ်ချဲ့လက်အောက်သို့ ကျရောက်စဉ်ကစ၍ လွတ်လပ်ရေး ကြိုးပမ်းသည့်ကာလ အထိ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င်ခေတ် သမိုင်းအဆက်ဆက်တွင် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များ၊ မျိုးချစ်ခေါင်းဆောင်ကြီးများနှင့် စာပေအနုပညာရှင်ကြီးများ ထွက်ပေါ်ခဲ့သည့်နေရာ ဖြစ်သလို၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ် ကျောင်းသား လှုပ်ရှားမှုများနှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင် ထင်ရှားသည့်ဖြစ်စဉ်များ ရန်ကုန်တက္ကသိုလ် နယ်မြေတွင် ပေါ်ပေါက်ခဲ့ပြီး ၁၉၆၂ ခုနှစ် ဇူလိုင်လ အတွင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦအား ဖောက်ခွဲဖျက်ဆီး ခံခဲ့ရသည်။

အမေရိကန်သံရုံး တာဝန်ရှိသူများ က ရန်ကုန်တက္ကသိုလ်ဝန်းအတွင်း လုံခြုံရေးနှင့် ပတ်သက်သော ဆောင် ရွက်မှုများ၊ တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမဆောင်အား ပြင်ဆင်နေမှုများကို လာရောက် ပြုလုပ်လျက်ရှိသည်။

အဆိုပါခရီးစဉ်သည် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်များအတွက် အထောက်တစ်စုံ တစ်ရာအကူပြုနိုင်မည့် ခရီးစဉ်တစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ထားကြောင်း နှင့်မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများ ဆက်ဆံရေးပြောင်းလဲမှု တစ်ခုဟု သုံးသပ်မှုများလည်း ရှိနေသည်။

"သမ္မတအိုဘားမား မြန်မာနိုင်ငံကို လာတာဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို အမေရိကန်က အသိအမှတ်ပြုတာ ဖြစ်သလို အမေရိကန်-မြန်မာ သံတမန် အဆက်အသွယ် ပိုမိုခိုင်မာလာစေတယ်လို့ ကျွန်တော့်အနေ နဲ့ယူဆပါတယ်။ ကိုယ်တိုင်ကြိုဆိုခွင့် ရခဲ့မယ် ဆိုရင်တော့ အမေရိကန်သမ္မတကို သွားကြိုမှာပါ"ဟု IT လုပ်ငန်း လုပ်ကိုင်နေသူ ကိုနိုင်နိုင်ထက်က ပြောပါသည်။

"အိုဘားမားက ပထမအကြိမ် ရွေးကောက်ပွဲမှာ ကတိပေးခဲ့တာက သူသာသမ္မတဖြစ်ခဲ့မယ် ဆိုရင် ပြောင်းလဲမှုတွေ လုပ်ဆောင်မယ်လို့ ပြောခဲ့တယ်။ သူကတကယ်တမ်း သမ္မတလဲ ဖြစ်လာရော သူ့ကတိအတိုင်း ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့တယ်။ သူလုပ်ဆောင်ခဲ့တဲ့ ပြောင်းလဲမှုတွေမှာ မြန်မာ -အမေရိကန် ဆက်ဆံရေးလဲ ပါဝင်တယ်။ မြန်မာနိုင်ငံအပေါ်မှာ ထားတဲ့ အမေရိကန်နိုင်ငံရဲ့ သဘောထားတွေ လည်း ပြောင်းလဲလာခဲ့တယ်။ အမေ ရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် သဘောထား ပြောင်းလဲမှုဟာ အနောက် အင်အားကြီး နိုင်ငံတွေအပေါ်လည်း အတော်လေး သက်ရောက်မှုရှိခဲ့တယ်။ ကျွန်တော်တို့ တိုင်းပြည်ကိုသူလို လူမျိုး လာရောက်တာကို ကြိုဆိုပါတယ်"ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဥက္ကဋ္ဌ ဦးသုဝေက ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်အပေါ်တွင် နယ်ပယ်အသီးသီးမှလူပုဂ္ဂိုလ်များက လည်းကြိုဆိုခဲ့ကြပြီး နိုင်ငံတကာ၏ မြန်မာနိုင်ငံကို ဆက်ဆံရေးပြောင်းလဲ မှုတစ်ခုဟုရှုမြင်ကြောင်း ပြောကြားမှု များလည်းရှိခဲ့သည်။

ရန်ကုန်တက္ကသိုလ်မှ သမိုင်းဌာန ပါမောက္ခဒေါက်တာ ခင်စောနွယ်က "မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံရဲ့ သမ္မတတစ်ယောက် လာတယ်ဆိုတာကို ၀မ်းပန်းတသာ ကြိုဆိုပါတယ်။ ပြည်သူ တစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံကို တန်ဖိုးထားတယ်၊ အသိအမှတ်ပြုပြီး လာတယ်ဆိုတာကို ဂုဏ်ယူပါတယ်" ဟု ပြောကြားခဲ့ပါသည်။

"အမေရိကန်နိုင်ငံလို ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်နိုင်ငံနဲ့ ဆက်ဆံရေးထူ ထောင်လာနိုင်တာဟာ မြန်မာနိုင်ငံအနေ နဲ့ကမ္ဘာ့ အသိုင်းအ၀ိုင်းကို ၀င်ဆံ့လာတယ်လို့ ဆိုနိုင်တယ်။ ပူပူနွေးနွေး ရွေးကောက်ပွဲ အနိုင်ရထားတဲ့ အမေရိကန် သမ္မတတစ်ယောက် ကျွန်တော်တို့ နိုင်ငံကိုလာရောက်ခြင်းဟာ ကြိုဆိုရမယ့် ကိစ္စတစ်ခုပါ" လူငယ်အဆိုတော် ရသက ပြောကြားခဲ့သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးအဖြစ် ကိုပြုံးချိုက "ကမ္ဘာ မှာဒီမိုကရေစီရဲ့ အလေ့အကျင့်ကောင်းတွေကို ကာလကြာရှည်စွာ ကျင့်သုံးခဲ့ပြီး ကျေညက်နေတဲ့ နိုင်ငံတစ်ခုရဲ့ ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်ထားတဲ့ သမ္မတကိုယ်တိုင်က ကျွန်တော်တို့နိုင်ငံမှာ တွေ့သင့်တွေ့ထိုက်တဲ့သူကို တွေ့ဆုံပြီး အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေကို တိုးမြင့်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ လူထုက တိုက်ရိုက် ရွေးချယ်ထားတဲ့သမ္မတ၊ လူထုကိုအမြဲတမ်း မျက်နှာမူထားတဲ့ စံနှုန်းတွေကိုပိုင်ဆိုင်ထားတဲ့ သမ္မတတစ်ယောက်၊ အဲဒီ စံနှုန်းတွေကို သွားနေတဲ့ တိုင်းပြည်တစ်ခုက ပြည်သူတွေဆီကို ကောင်းမွန်တဲ့ သတင်းစကားတွေ သယ်ဆောင် ပေါင်းကူးနိုင်တဲ့ခရီးစဉ်လည်းဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ကမ္ဘာ့အ၀န်း အ၀ိုင်းက အာရုံစိုက်နိုင်လောက်တဲ့ခရီး စဉ်တစ်ခုလည်းဖြစ်တဲ့အတွက် ဒီခရီး စဉ်ကို ကြိုဆိုပါတယ်"ဟု ပြောကြား ခဲ့သည်။

"အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုရေစီရရှိရေးအတွက် သမ္မတကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်လာတယ်လို့ဆို နိုင်တယ်။ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေ၊ မြန်မာ့ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်လာမယ်လို့လည်း မျှော်လင့်ရတဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်" ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းစောသန်း မြင့်က ပြောကြားခဲ့သည်။

အိုဘားမားသည် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားစသည့် အရှေ့တောင် အာရှနိုင်ငံများသို့ နိုဝင်ဘာလ ၁၇ ရက် မှ ၂၀ ရက်နေ့အထိ လာရောက်မည် ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော် မှ အတည်ပြု ပြောကြားထားသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင် က "အမေရိကန် မြန်မာဆက်ဆံရေးကို ပြန်ကြည့်ရင် လွတ်လပ်ရေးရပြီးနောက်ပိုင်း လုံးဝမကောင်းခဲ့ပါဘူး။ ဖဆပလ အစိုးရခေတ်မှာလည်း တရုတ်ဖြူ ကျူးကျော်မှုနဲ့ပတ်သက်ပြီး ချောချောမွေ့မွေ့ မဖြစ်ခဲ့ဘူး။ ၁၉၆၂ခုနှစ်တပ်မတော် အာဏာသိမ်းခဲ့မှုက အမေရိကန်မြန်မာ ဆက်ဆံရေးကို ပိုပြီးတော့ အေးစက်စက် ဖြစ်စေခဲ့ပြီး ဆက်ဆံရေး မရှိသလောက် ဖြစ်ခဲ့တယ်။ ၁၉၈၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကာလမှာတော့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံ ခေါင်းဆောင်တွေကို ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီး တိုက်တွန်းပြောဆိုတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် တပ်မတော်က အာဏာသိမ်း လိုက်တဲ့အခါ အမေရိကန်မြန်မာ ဆက်ဆံရေးဟာ အဆိုးဝါးဆုံး အခြေအနေကို ရောက်ရှိခဲ့ပြီး အမေရိကန် အနေနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံရေး၊ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အခု အစိုးရသစ်လက်ထက် မှာတော့ ဆက်ဆံရေး ပြန်ပွင့်လာပြီး အမေရိကန်သမ္မတကိုယ်တိုင် မြန်မာနိုင်ငံကို လာမယ်ဆိုတာ အမေရိကန် မြန်မာဆက်ဆံရေးဟာ ပိုမိုလေးနက်ပြီး အနှစ်သာရရှိလာတယ်လို့ ယူဆပါတယ်" ဟု ပြောပြခဲ့ပါသည်။

အခု အမေရိကန်သမ္မတဟာ သူ့ရဲ့ ဒုတိယသက်တမ်းမှာ ပထမဆုံး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို  လာတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍ အသီးသီးမှာ အမေရိကန်ရဲ့အကူအညီ တွေရရှိခဲ့မယ်ဆိုရင် မြန်မာနိုင်ငံဟာ အချိန်တိုအတွင်း လွယ်လင့်တကူ တိုးတက်လာမယ်လို့ ယုံကြည်တဲ့ အတွက် အမေရိကန်သမ္မတကြီးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်"ဟု ဦးဝင်းကြိုင်က ဆက်လက် ပြောကြားခဲ့ပါသည်။ အမေရိကန်သမ္မတ သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခြင်းခံ ခဲ့ရသော အိုဘားမားသည် ခရီးစဉ် အတွင်းတွင် သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

သမ္မတ ဦးသိန်းစိန်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံ၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရပြီး ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာ လမ်းရှိသူမ၏ နေအိမ်၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

မြန်မာ-အမေရိကန် ဆက်ဆံရေး

၁၈၁၃ - ရန်ကုန်သို့အသက် ၂၅ နှစ်အရွယ် အမေရိကန်လူငယ် မစ္စတာအဒိုနိရမ်ဂျပ်ဆင်၊ မြန်မာအခေါ် ဆရာ ယုဒသန်ရောက်ရှိလာခဲ့ပြီး နှစ်နိုင်ငံအကြား ဘာသာရေး၊ ပညာရေး၊ ယဉ်ကျေးမှုလဲလှယ်ရေး အုတ်မြစ်ကို ပထမဦးဆုံး စိုက်ထူခဲ့သည်။

၁၈၅၆ - မင်းတုန်းမင်း တရားကြီးသည် မိမိထံအခစား ရောက်နေသော အမေရိကန်နိုင်ငံသား သာသနာပြု ဆရာဒေါက်တာကင်းကိတ်မှ တစ်ဆင့် အမေရိကန်သမ္မတ ဂျိမ်းဘူကနင်ထံ ချစ်ကြည်ရေး သ၀ဏ်လွှာပေးပို့ခဲ့ပြီး ၁၈၅၇ ခုနှစ်တွင် ဂျိမ်းဘူကနင်ကလည်း ချစ်ကြည်ရေး သ၀ဏ်လွှာ တုံ့ပြန်ခဲ့သည်။

၁၉၄၇ - အမေရိကန်က မြန်မာ့လွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့ပြီး ရန်ကုန်တွင် အမေရိကန်သံရုံးဖွင့်လှစ်ခဲ့ကာ အောက်တိုဘာတွင် ပထမဆုံး အမေရိကန် သံအမတ်ခန့်အပ်ခဲ့သည်။

၁၉၄၈-၅၃ - အမေရိကန်က မြန်မာနိုင်ငံကို စီးပွားရေး အကူအညီပေးခဲ့သည်။

၁၉၅၃ - အမေရိကန် ဒုတိယသမ္မတ ရစ်ချတ်နစ်ဆင်မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ်ခရီး လာရောက်ခဲ့သည်။ ယင်းခရီးစဉ်အတွင်း ရန်ကုန်တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် တွေ့ကြုံခဲ့ရသည်။

၁၉၅၅ - ဖေဖော်ဝါရီလတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဖော်စတာဒါးလက်စ် ရန်ကုန်သို့ ရောက်ရှိလာပြီး ၀န်ကြီးချုပ်ဦးနုအပါအ၀င် မြန်မာထိပ်တန်း အရာရှိကြီးများနှင့် တွေ့ဆုံခဲ့သည်။

၁၉၅၆-၆၄ - ၁၉၅၆ ခုနှစ်မှစ၍ အမေရိကန်က မြန်မာနိုင်ငံကို စားနပ်ရိက္ခာ အကူအညီများပေးခဲ့ပြီး ဗိုလ်ချုပ် နေ၀င်း၏ တော်လှန်ရေးအစိုးရ တက်လာသည့် ၁၉၆၂ ခုနှစ်တွင် ယင်းအကူအညီများရပ်ဆိုင်းခဲ့သည်။ ၁၉၆၂ ခုနစ်အထိ အမေရိကန်၌ မြန်မာစစ်တပ်အရာရှိ ၁၀၀၀ ခန့် သင်တန်း တက်ရောက်ခဲ့သည်။

၁၉၅၇ - မြန်မာသမ္မတဦးဝင်းမောင် အမေရိကန်သို့ ဆေးကုသရန် သွားရောက်ခဲ့ပြီး အမေရိကန်သမ္မတ အိုက်စင်ဟောင်ဝါနှင့် တွေ့ဆုံခဲ့သည်။

၁၉၆၆ - စက်တင်ဘာတွင် ဗိုလ်ချုပ်နေ၀င်း အမေရိကန်သို့ အလည်အပတ်သွားရောက်ခဲ့ပြီး အမေရိကန် သမ္မတ လန်ဒန်ဘီဂျွန်ဆင်နှင့် တွေ့ဆုံခဲ့သည်။

၁၉၇၄ - အမေရိကန်အစိုးရနှင့် မြန်မာအစိုးရကြား မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေး သဘောတူစာချုပ်ချုပ် ဆိုခဲ့ပြီး ယင်းအတွက် ဆေးဖျန်းရဟတ်ယာဉ် ၂၀၅ စီး ရန်ကုန်သို့ ပေးပို့ရန် သဘောတူညီခဲ့သည်။

၁၉၈၈ - တစ်နိုင်ငံလုံး လူထုအုံကြွမှု ဖြစ်ပွားနေသော စက်တင်ဘာလတွင် အမေရိကန် အာရှနှင့် ပစိဖိတ် ရေးရာဆပ်ကော်မတီဥက္ကဋ္ဌစတီဖင်ဂျေဆိုလာ့ဇ် ရန်ကုန်သို့ လာရောက်ခဲ့ပြီး သမ္မတသစ် ဒေါက်တာမောင်မောင် နှင့် တွေ့ဆုံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။

၁၉၈၈ - နိုဝင်ဘာတွင် အမေရိကန်အောက်လွှတ်တော် အမတ် ဒန်နာရိုရာဘက်ချာ ထိုင်း-မြန်မာနယ်စပ်ရှိ သေးဘောဘိုကျောင်းသားစခန်းသို့ ရောက်ရှိလာပြီး ဆန္ဒပြမှုကို စစ်တပ်က ဖြိုခွင်းခဲ့သဖြင့် ပြည်ပသို့ရောက်ရှိလာ သူများကို စိတ်ပိုင်းဆိုင်ရာနှင့် နိုင်ငံရေးထောက်ပံ့မှုများပြုလုပ်သွားမည်ဟု ကတိပေးခဲ့သည်။

၁၉၉၀ - အမေရိကန်က မြန်မာကိုပေးနေသော စီးပွားရေးနှင့် စစ်ရေးအကူအညီများ ဖြတ်တောက်ခဲ့သည်။ နှစ်ပေါင်းသုံးဆယ်အတွင်း ပထမဆုံးအကြိမ်ကျင်းပသော ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLDပါတီကို စစ်အစိုးရက အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သောကြောင့် သံတမန်ဆက်ဆံရေးကို သံအမတ်အဆင့်မှ သံရုံးတာဝန်ခံအဖြစ်သို့ အဆင့်လျှော့ချခဲ့သည်။

၁၉၉၄ - ဖေဖော်ဝါရီတွင် အမေရိကန် အောက်လွှတ်တော်အမတ် ဘီလ်ရစ်ချတ်ဆင်သည် နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏နေအိမ်တွင် တွေ့ဆုံခဲ့ပြီး သမ္မတဘီလ်ကလင်တန်၏ စာတစ်စောင်ကို ပေးအပ်ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ အနာဂတ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်က အဆုံးအဖြတ်ပေးလိမ့်မည်ဟု ထိုင်းနိုင်ငံတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၁၉၉၅ - စက်တင်ဘာလတွင် နောင်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမည့် ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် မက်ဒယ်လိန်းအောလ်ဘရိုက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဒေါ်အောင် ဆန်းစုကြည်တို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။

၁၉၉၇ - မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင် နိုင်ငံအဖြစ် လက်ခံခဲ့ခြင်းအပေါ် အမေရိကန်က အပြင်းအထန် ကန့်ကွက်ခဲ့သည်။

၂၀၀၃ - မေ ၃၀ ရက်တွင်ဖြစ်ပွားခဲ့သော ဒီပဲယင်း အရေးအခင်းကြောင့် အမေရိကန်သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ပြုလုပ်ခဲ့သည်။

၂၀၀၈ - မေလတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရသူများကို အကူအညီပေးရန်ရေနှင့် အစားအသောက်များ တင်ဆောင်လာသော အမေရိကန် ရဟတ်ယာဉ်များကို  စစ်အစိုးရက ၀င်ခွင့်ပေးရန် ငြင်းဆန်ခဲ့သောကြောင့် နယ်စပ်တွင် သုံးပတ်ကျော်ကြာ သောင်တင်နေခဲ့ရပြီး ကယ်ဆယ်ရေးပစ္စည်း ဒေါ်လာ ၁ ဒသမ ၂ သန်းခန့် တင်ဆောင်လာသည့် လေယာဉ်များကိုမူ ခွင့်ပြုပေးခဲ့သည်။

၂၀၀၉ - သြဂုတ်လတွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့်တွေ့ဆုံခဲ့သည်။ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်သည် ဆယ်စုနှစ်များစွာ အတွင်း မြန်မာစစ်အစိုးရ ခေါင်းဆောင်တစ်ဦးနှင့် တိုက်ရိုက်တွေ့ဆုံခွင့်ရခဲ့သော အမြင့်ဆုံးအရာရှိဖြစ်ခဲ့ပြီး နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ် သော ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။

၂၀၀၉ - စက်တင်ဘာလတွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ မရှိဘဲ တိုက်ရိုက်ထိတွေ့ဆက်ဆံသွားရန် ကြိုးပမ်းသွားမည်ဟု ကြေညာခဲ့သည်။

၂၀၁၀ - နိုဝင်ဘာလ ၇ ရက်နေ့ကပြုလုပ်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတမှု မရှိဘဲ ရွေးကောက်ပွဲရလဒ်များသည် ယခင်စစ် အစိုးရခေါင်းဆောင်များ ဦးဆောင်သော အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးမှု တစ်ခုသာဖြစ်သည်ဟု အိုဘားမားက ရှုံ့ချခဲ့သည်။

၂၀၁၁ - ဧပြီတွင် အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဒဲရစ်မစ်ချယ်ကို အိုဘားမားက ခန့်အပ်ခဲ့သည်။

၂၀၁၁ - စက်တင်ဘာလ ၂၉ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၀ါရှင်တန်တွင် အမေရိကန်ထိပ်တန်း အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး နောက်တစ်နေ့တွင် သမ္မတ ဦးသိန်းစိန်က တရုတ်အစိုးရ၏ နောက်ခံဖြင့် ပြုလုပ်နေသော နိုင်ငံမြောက်ပိုင်းရှိ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။ ယင်းကြေညာချက်ကို ၀ါရှင်တန်မှ သိသာထင်ရှားသော အပြုသဘောဆောင်သည့် ပြောင်းလဲမှုတစ်ခုအဖြစ် ကြိုဆိုခဲ့သည်။

၂၀၁၁ - နိုဝင်ဘာလတွင် နှစ်လအတွင်း တတိယမြောက် ခရီးစဉ်အဖြစ် အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ် လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကာ ယင်းမှာ အပြုသဘော ဆောင်သည့် နောက်ထပ်ပြောင်းလဲမှုတစ်ခုဟု အမေရိကန်က ကြေညာခဲ့သည်။

၂၀၁၁ - နိုဝင်ဘာ ၁၈ တွင် ဒီဇင်ဘာလ၌ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အထောက်အပံ့ပေးသည့် အနေဖြင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း အိုဘားမားက ကြေညာခဲ့သည်။ ယင်းကြေညာချက်ကို မြန်မာအစိုးရက ကြိုဆိုခဲ့ပြီး အပြုသဘောဆောင်သည့် ပြောင်းလဲမှုများ၏ ရလဒ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

၂၀၁၁ - ဒီဇင်ဘာလတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ တို့နှင့် တွေ့ဆုံခဲ့ကာ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ ဆက်လက်ပြုလုပ်သွားပါက ဆက်ဆံရေးတိုးမြှင့်သွားမည်ဟု ကမ်းလှမ်းခဲ့သည်။

၂၀၁၂ - မေလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် ခန့်အပ်ခဲ့သည်။


 

Thursday, November 15, 2012

အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင်အသုံးပြုမည့် ပစ္စည်းများကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များ မြန်မာနိုင်ငံသို့ရောက်ရှိ

အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများ ကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များသည် နိုဝင်ဘာလ ၈ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သတင်းရရှိပါသည်။အဆိုပါလေယာဉ်များမှာ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၃ရက်နေ့အထိ အမေရိကန်လေတပ်မှ C 17  လေယာဉ်ဖြင့် ငါးခေါက်၊ အခြားလေယာဉ်ဖြင့် ၂ခေါက်၊ စုစုပေါင်း ၇ခေါက်အထိ  ရှိခဲ့သည်ဟု သိရသည်။

 

thn-14-11-12-91
အမေရိကန်လေတပ်မှ C 17 လေယာဉ်အား နိုဝင်ဘာလ ၁၃ရက်နေ့က တွေ့ရစဉ်

 

အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ကြိုတင်ညှိနှိုင်းမှုများပြုလုပ်ရန် နိုဝင်ဘာလ ၈ရက်နေ့တွင် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စီး၊ နိုဝင်ဘာလ ၁၁ရက်နေ့တွင် တာဝန်ရှိသူ ၉ဦးနှင့် စက်ပစ္စည်းများ၊ နိုဝင်ဘာလ ၁၂ရက်နေ့တွင် အမေရိကန်လေ တပ်မှ C 17 လေယာဉ် ၂စီးနှင့် နိုဝင်ဘာလ၁၃ရက်နေ့တွင် C17 လေယာဉ် ၃စီးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။

''ခုရောက်လာတဲ့ အမေရိကန်လေတပ်က စစ်လေယာဉ်တွေမှာ သမ္မတအိုဘားမား မြန်မာနိုင်ငံခရီးစဉ်မှာ အသုံးပြုမယ့် ရဟတ်ယာဉ်တို့ မော်တော်ယာဉ်တို့ စတဲ့ အသုံးဆောင်ပစ္စည်းတွေ၊ နောက်လုံခြုံရေး နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေပါလာတာဖြစ်ပါတယ်'' ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

 

thn-14-11-12-101
အမေရိကန်လေတပ်မှ C 17 လေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရပ်နားထားစဉ်

 

ထပ်မံ၍ နိုဝင်ဘာလ ၁၅ရက်နေ့နှင့် ၁၇ရက်နေ့များတွင်လည်း  အမေရိကန်လေတပ်မှ စစ်လေယာဉ် များသည် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိမည်ဟုလည်း သတင်းရရှိပါသည်။

အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ရက် နေ့တွင် လာရောက်ပြီး သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံ မည်ဖြစ်ကြောင်း သိရသည်။