Wednesday, January 25, 2012
အချစ်
အချစ်တစ်မျိုးရှိတယ်... အရမ်းချစ်နေရက်နဲ့ အဲဒီအချစ်ကို လှပပြည့်စုံအောင်
မထုတ်ဖော်ပြတတ်ဘူး။
အချစ်တစ်မျိုးရှိတယ်... လက်လွတ်ရမယ်မှန်းသိနေရက်နဲ့ အဲဒီအချစ်နားက
မခွဲနိုင်မခွာရက်ဖြစ်ရတယ်။
အချစ်တစ်မျိုးရှိတယ်... ညှဉ်းပန်းနှိပ်စက်ဒဏ်ကို ခံရမယ်မှန်းသိနေရက်နဲ့
အဲဒီအချစ်ကို ရှောင်ပုန်းလို့မရနိုင်ခဲ့ဘူး။
အချစ်တစ်မျိုးရှိတယ်... အနာဂတ်အတွက်မရေရာပေမယ့် အဲဒီအချစ်အတွက်
ပေးလိုက်တဲ့နှလုံးသားကို ပြန်ရုပ်သိမ်းလို့ မရနိုင်ခဲ့ဘူး။
အချစ်တစ်မျိုးရှိတယ်... အဆုံးသတ်မရှိမှန်းသိနေရက်နဲ့ အဲဒီအချစ်ကို
ချစ်ဆက်နေချင်သေးတယ်။
အချစ် ! အချစ် ! အချစ် !
အချစ် ! အချစ် ! အချစ် !
Written နိုင်းနိုင်းစနေ
Monday, January 9, 2012
ကဗျာကို အသံ အနေအထားမှန်မှန်ဖြင့် ရဲ ရဲ ဖတ်ပါ။
အမှတ်တရ ကဗျာ
တင်းတင်းကိုက်ထားတဲ့ 
ငါ့  နှုတ်ခမ်းဟာ
ဗြန်းခနဲ ကွဲ ထွက်
 သွေးအစက်စက် စီးလိမ့် လာတယ်။
 ငါ အံ ကြိတ်ပြီး
ငါ့ လက်သီးကို တင်းတင်းဆုပ်မိတယ် 
ဗိုလ်အောင်ကျော် ရဲဘော်
 ရဲဘော်ဟာ
 ဒီနေရာမှာ ကျဆုံးသွားခဲ့ တယ်။
ကတ္တရာလမ်းကိုခွာ
ရာဇ၀င် ရုပ်ရေး အရ
သုတေသန လုပ်ရင်
 ရဲ ဘော်ရဲ့ 
နီမြန်းတဲ့ ဂုဏ်ပုဒ်ကိုတွေ ရ မယ်။
ဘယ်သူတွေ ငြင်းနိုင်မလဲ
စီးဆင်းခဲ့ တဲ့  ရဲဘော်ရဲ့ သွေးတွေ အကြောင်း။
သင်းတို့  တတွေက
ဘယ်သူတွေ ရှိဦးမလဲ
 ရဲ ဘော် မုန်းခဲ့ တဲ့  သူတွေ ပေါ့ 
ရဲ ဘော်က စိမ်းကားတဲ့ အပြုံး နဲ့ 
 ပြုံးမှာပဲ   ယုံတယ်။ 
ကုန်းဘောင်သူပုန်
ဂဠုန် ဆရာစံ
ငုယင်ဗန်ထရွင်း
 အတိုင်းမသိသော
  ချေဂွေဗားရားစသော
 အာဇာနည်ထောင်သောင်းတို့ နဲ့ အတူ
 ရဲ ဘော်ဟာ နီရဲဝင်းလက်ခဲ့ တယ်။
ရဲ ဘော်ရဲ့  သွေးဟာ နီရဲ ခဲ့ တယ်။
ပြည်သူချစ်တဲ့ 
အာဇာနည်အနှစ်ဟာ
ဘယ်ခေတ်မှာမဆို
  နုပျို စိမ်းလန်းနေမှာပဲ
 မုချယုံတယ်။
ဗိုလ်အောင်ကျော် ရဲဘော်
ဒီနေရာမှာ တို့  ဟာ
 စာရွက်တွေအတူတူ ဝေ ဖူးတယ်။ 
  ဗိုလ်အောင်ကျော် ရဲ ဘော်
တို့  ဟာ ဒီနေရာမှာ
 ရဲ ဘော်ကို အကြိမ်ကြိမ် ဂုဏ်ပြု ခဲ့ ဖူးတယ်။ 
ရဲဘော်ရဲ့ အခန်းဆက်တိုက်ပွဲ
 ဒီနေရာကို လာပြီး
နီရဲတဲ့  သွေးစက်တွေပေါ်မှာ
ငါ့ ရဲ့ ဖြူယော်တဲ့  မျက်ရည်နဲ့ 
 သူရသတ္တိမဲ့ တဲ့ ရှိုက်သံနဲ့ 
ညစ်နွမ်းအောင် ငါမလုပ်ဘူး။
  ကဗျာတပုဒ်
ဟုတ်တယ် ငါ့ ရဲ့ ကဗျာတပုဒ်
 ရဲဘော်ရဲ့  ဂုဏ်ကိုဖော်ထုတ်ဖို့ 
 ကြိုးစားတဲ့  ကဗျာတပုဒ်။
 လက်ခံပါ  ရဲဘော် ငါ အော်ဟစ်ပြီးပန် ကြားတယ်။
 ပြန်ငြင်းပါရစေ
ဒီကဗျာဟာ ငါ့ ရဲ့ ကဗျာမဟုတ်ဘူး။
ဖတ်ကြည့် စမ်းလေ
 စီးဆင်းခဲ့ တဲ့ သွေးစက်တွေ ရယ်
 ဘယ်သူ့  သွေးလဲ
 မခမ်းခြောက်တဲ့  သွေးတွေ။
ရဲရဲလက်လက်
 သီယှက်ထားတဲ့
 ရဲဘော် ရဲ့  ကဗျာပါလား။ 
                                                                              ကဗျာ ဆရာ မောင်လေးအောင်
 ပန်ပြားချက်ဗိုလ်အောင်ကျော်၏ (၇၃) နှစ်မြောက် နှစ်ပတ်လည်နေ့  ကဗျာကို ယခုမှ တင်ရသည်ကို တောင်းပန်ပါသည်။
Tuesday, January 3, 2012
အင်္ဂလိပ်စာ သင်ယူမှုဆိုင်ရာ အခမဲ့ အွန်လိုင်း Website များ
အင်္ဂလိပ်စကားပြောတဲ့နိုင်ငံတွေကို သွားရဖို့ အကြောင်းပေါ်လာရင် အင်္ဂလိပ်လိုပြောနိုင် ဖို့ speaking skill ကို ကျွမ်းကျင်ချင်ကြတယ်။ ကျွမ်းကျင်မှုတစ်ခုဆိုတာ လေ့ကျင့်မှုမရှိဘဲ မဖြစ်နိုင်ပါဘူး။ ယနေ့ခေတ်ကြီးမှာ speaking သင်တန်းကောင်းကောင်းလေးများ မရှိဘူးလားလို့ မေးကြတယ်။ ကျွန်တော်ကတော့ အွန်လိုင်း သို့မဟုတ် အင်တာနက်ဟာ အကောင်းဆုံး သင်တန်းကြီးပဲလို့ပြောရင် လက်ခံနိုင်ကြပါ့မလား မသိဘူး။
အင်္ဂလိပ်စာသင်ယူမှုမှာ ဝိဝါဒကွဲတာ တွေအများကြီး။ နိုင်ငံခြားကလာတဲ့ foreigner နဲ့ သင်မှ တို့၊ နိုင်ငံခြား ကျောင်းတက်မှဆိုပြီးတော့ အမျိုးမျိုးပြောကြတယ်။  ပြည်တွင်းဖြစ်နိုင်ငံခြားဆရာတွေအနေနဲ့ အင်္ဂလိပ်စာကို မြန်မာလိုပြောပြီး၊ စာဖတ်ပြ သင်နေတာတွေလည်း တွေ့ရတယ်။ အဲဒီလို သင်တန်းတွေ သွားတက်မယ့်အစား အွန်းလိုင်းကပဲ လေ့လာတာ ပိုကောင်းဦးမယ်။
အင်္ဂလိပ်လိုပြောဖို့ ရေးဖို့ဆိုတာ အခြေခံရှိပြီးသူတွေမှာ practice တွေအများကြီးလိုတယ်။ ကိုယ်နဲ့အတူ practice လုပ်နေတဲ့သူက စာဖတ်ပြနေတဲ့သူတွေ ဆိုရင်တော့  ပေးကားပေး၏ မရဆိုသလို ဖြစ်နေလိမ့်မယ်။
ကျွန်တော်တို့မှာ ဆရာမပါဘဲ သင်ယူ လေ့လာနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အင်္ဂလိပ်စာကို free သင်ပေးနေတဲ့ site တွေအများကြီး အွန်လိုင်းပေါ်မှာ တွေ့နိုင်တယ်။ အဲဒီ site တွေမှာ tutorial တွေ၊ games တွေနဲ့ အခြား လေ့လာသင်ယူ ချင်စရာ နည်းလမ်းပေါင်းစုံတွေပေးနေတယ်။  အဲဒီ site တွေကိုသွားကြည့်ပြီး ဆရာကို အားမကိုး၊ ကိုယ့်ကိုယ်ကို အားကိုးကြည့်ရင် ရနိုင်ကြောင်း အသိပေးချင်ပါတယ်။
Livemocha
http://www.livemocha.com/
Livemocha လိုင်းကကမ္ဘာ့ပထမဆုံး အွန်လိုင်း social language learning site လို့ပြောနိုင်တယ်။ ဒီ site ကိုလာတဲ့သူတိုင်း self-study ကို free လုပ်ခွင့်ပေးထားတယ်။ သင်ခန်းစာတွေ အများကြီးထည့်ထားပေးတယ်။ ကိုယ်နဲ့တွဲပြီး လေ့လာချင်တဲ့သူတွေကို ကမ္ဘာအရပ်ရပ်မှာ ရှာနိုင်တယ်။ အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံပေါင်း များစွာက သူငယ်ချင်းတွေက ကူညီဖို့ အသင့်စောင့်နေတယ်။ Livemocha မှာ video တွေ၊ audio တွေကို download ချယူနိုင်သေးတယ်။ အင်္ဂလိပ်စကားပြောနိုင်ငံတွေက ဆရာတွေရဲ့ ပို့ချချက်တွေ၊ အသုံးဝင်တဲ့ နည်းလမ်းလေးတွေလည်း လေ့လာနိုင်တယ်။
VerbaLearn
http://www.verbalearn.com/
အင်္ဂလိပ်စာ vocabulary ကြွယ်ဝချင်ရင် ဒီ site ကိုဝင်ပြီးလေ့လာသင့်တယ်။ လေ့လာသင်ယူစရာ နည်းလမ်းပေါင်းစုံနဲ့ လမ်းညွှန်ပေးထားတယ်။ အဲဒီနည်းလမ်းတွေအားလုံးဟာလည်း အဖြစ်နိုင်ဆုံးနဲ့ အကောင်းဆုံး နည်းလမ်းတွေလို့ ပြောနိုင်တယ်။ အခမဲ့ရနိုင်တဲ့ အထဲမှာ vocabulary builders, MP3 နဲ့ ရယူနိုင်တဲ့ list တွေအပြင်၊ RSS vocabulary list  ကိုပါတွေ့ရတယ်။ အခြားလေ့လာစရာတွေ အများကြီး ထည့်ပေးထားပါတယ်။
1-Language.com
http://www.1-language.com/
အင်္ဂလိပ်စာလေ့လာရာမှာ နားထောင်ခြင်း  (listening) ဟာ အခြားဘာသာစကား သင်ယူမှုထက် ကောင်းတယ်လို့ပြောနိုင်တယ်။ အထူးသဖြင့် အင်္ဂလိပ်စာကို second language အနေနဲ့ လေ့လာနေကြတဲ့ သူတွေ အတွက် ဒီ site မှာ အခမဲ့ audio သင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေ အများကြီး စီစဉ်ထားတယ်။ Tutorial အနေနဲ့ audio သင်ခန်းစာပေါင်း ၄ဝ လောက်ပေးထားတယ်။ လက်တွေ့လေ့ကျင့်နိုင်အောင် စကား ပြောတွေချည်းပေးထားတယ်။ Language ကို acadimic အနေနဲ့ လေ့လာနေတဲ့သူတွေ အမေရိကန် တက္ကသိုလ်တွေရဲ့သင်ခန်းစာတွေအတိုင်း လေ့လာနိုင်ပါလိမ့်မယ်။
BBC
http://www.bbc.co.uk/
BBC ရဲ့ ဘာသာစကားလေ့လာမှု website ဟာ ဘာသာစကားမျိုးစုံ လေ့လာဖို့အကောင်းဆုံး site တစ်ခုလို့ဆိုနိုင်တယ်။ အဲဒီအထဲမှာ အင်္ဂလိပ်လည်းပါတယ်။ Audio နဲ့ video course တွေကို အခမဲ့ပေးတယ်။ အွန်လိုင်း မှာ newsletters, language tips နဲ့  အခြား သင်ထောက်ကူတွေအစုံအလင် ပေးထားပါတယ်။
Using English.com
http://www.usingenglish.com/
အင်္ဂလိပ်စာကို second language အနေနဲ့ လေ့လာနေကြတဲ့ ကျောင်းသားတွေအတွက် အထူးအားထားလောက်တဲ့ site ဖြစ်ပါတယ်။ ဒီ site ထဲမှာ reference တွေ အများကြီးပေးထားတယ်။ ပြီးတော့ English glossary, ESL test, quizzes, worksheets, English usage article, ESL discussion forum ကဏ္ဍတွေက စိတ်ဝင်စားစရာကောင်းတယ်။ လေ့လာဖို့ ရင်းမြစ်တွေအစုံပဲ။ လေ့လာရာမှာ အခက်အခဲ တွေ့နေရင်လည်း "Ask an English Teacher" မှာ မေးလို့ရတယ်။ သိချင်တာတွေကို ပြန်ဖြေပေးနိုင်တယ်။
About.com
http://www.about.com/
အင်္ဂလိပ်စာကို second language အနေနဲ့  သင်ခန်းစာ ၈ ခု အခမဲ့ပေးထားတယ်။ အဲဒီ course တွေကို အီးမေးလ်ကတဆင့် ပို့ပေးတယ်။ လေ့လာနိုင်တဲ့ learning resources တွေကိုလည်း link တွေပေးထားတယ်။ Community forum မှာ ကျောင်းသားတွေ အနေနဲ့ ကိုယ်လေ့လာထားတာတွေကို ဆွေးနွေးနိုင်တယ်။
Learn English Online
http://www.learn-english-online.org/
အင်္ဂလိပ်စာကို နည်းနည်းပဲသိသူတွေ၊ skill နိမ့်သူတွေအတွက် ဝင်ပြီးလေ့လာသင့်တဲ့ site တစ်ခုဖြစ်တယ်။ ဒီ site ထဲမှာ အခန်း ၁၁ ခန်းနဲ့ အခြေခံအင်္ဂလိပ်စာကို သင်ပေးထားတယ်။ Unit တိုင်းမှာ သင်ခန်းစာတွေ အများကြီးထည့်ပေးထားတယ်။ စုစုပေါင်း သင်ခန်းစာ ၅ဝ လောက်ကို အခမဲ့လုပ်ကြည့်နိုင်တယ်။
Word2Word
http://www.word2word.com/
ဒီ site ကတော့ အခမဲ့ရယူနိုင်တဲ့ အွန်လိုင်း language directory တစ်ခုဖြစ်တယ်။ Free ပေးတဲ့ language course အတော်များများကို link တွေလုပ်ပေးထားတယ်။ အွန်လိုင်း dictionary တွေ၊ translator တွေ၊ YouTube ပေါ်မှာ လေ့လာနိုင်တဲ့ ဘာသာစကားတွေ၊ ဘာသာစကားကို chatting လုပ်နိုင်တဲ့ site တွေနဲ့ အခြား ဘာသာစကားသင်ယူမှုဆိုင်ရာ သင်ထောက်ကူပစ္စည်းတွေကအစ အားလုံး ညွှန်းထားပါတယ်။
Transparent Language
http://www.transparent.com/
ဒီ site ကတော့ ဘာသာစကားလေ့လာတဲ့ learning ဆော့ဖ်ဝဲတွေကို ရောင်းတဲ့ site ဖြစ်တယ်။ ကိုယ်တိုင်လေ့လာနိုင်တဲ့ self-learners build vocabulary တွေကိုလည်း ဘာသာစကားပေါင်း ၁ဝဝ ကျော် လောက်နဲ့ အခမဲ့ပေးထားတယ်။ သူတို့ပေးထားတဲ့ free resources တွေထဲမှာ games, articles နဲ့ free downloads တွေလည်းပါတယ်။
EnglishClub
http://www.englishclub.com/
အင်္ဂလိပ်စာကို သင်ယူချင်တဲ့သူတွေ၊ သင်ကြားချင်သူတွေအတွက် အားကိုးလောက်တဲ့ site တစ်ခုဖြစ်တယ်။ Videos, lesson, games, chat တွေအစုံအလင်နဲ့ လေ့လာနိုင်တယ်။ အင်္ဂလိပ်စာကို practice လုပ်ဖို့ အကောင်းဆုံး site တစ်ခုအနေနဲ့ ညွှန်းချင်တယ်။
Italki
http://www.italki.com/
ကမ္ဘာ့ဘာသာစကားလေ့လာမှုအွန်လိုင်း အဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ်။ Web 2.0 concept တွေနဲ့ အင်္ဂလိပ်စာအပြင် အခြား ဘာသာစကားလေ့လာသူတွေကိုပါ အကူအညီပေးနေတယ်။ ဒီအဖွဲ့မှာ ဂလိုဘယ် partner တွေ၊ lessons, video, audio နဲ့ အခြား သင်ထောက်ကူတွေအများကြီးကို စီစဉ်ပေးထားတယ်။
A4esl.org
http://a4esl.org/
အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ လှုပ်ရှားမှုတွေကို ဒီ site မှာလေ့လာနိုင်တယ်။ Level အသီးသီးကို ဘာသာစကားနှစ်မျိုး (bilngual) နဲ့ဖော်ပြထားတယ်။ အင်္ဂလိပ်စာ လှုပ်ရှားမှုဆိုတာ grammer quizzes, vocabulary quizzes, bilingual quizzes, crossword puzzles နဲ့ ESL podcasts တွေကို လေ့လာ ချင်စရာကောင်းအောင် စီစဉ်ပေးထားတယ်။
DigitalDialects
http://www.digitaldialects.com/
ဒီ site မှာပေးထားတဲ့ ဂိမ်းတွေက ဘာသာစကားကို လေ့လာချင်စိတ်ဖြစ်အောင်ကို ဆွဲဆောင်သွားပါလိမ့်မယ်။ ဘာသာစကား အမျိုးမျိုးလေ့လာနိုင်တယ်။ အင်္ဂလိပ်စာကို အခမဲ့လေ့လာနိုင်တယ်။ ပထဝီဝင်ဆိုင်ရာ ဂိမ်းကိုလည်းထည့်ထားပေးတယ်။ အခြား သင်ယူရာမှာ အထောက်အကူဖြစ်စေနိုင်တဲ့ အခမဲ့ site တွေကိုလည်း link တွေ ပေးထားတယ်။
Radio Lingua Network
http://rlnvault.com/rln09/
အခမဲ့ အွန်လိုင်း audio lessons တွေကို ဘာသာစကား အမျိုးပေါင်း ၂ဝ နဲ့ သင်ကြားပေးပါတယ်။ အဲဒီအထဲမှာ အင်္ဂလိပ်စာ လည်းပါတယ်။ ကျောင်းသားတွေအနေနဲ့ သင်ခန်းစာတွေကို download ချယူနိုင်တယ်။ ပြီးတော့ ကိုယ့်ကွန်ပျူတာမှာကိုယ်ပြန်ပြီး အေးအေးဆေးဆေးလေ့လာနိုင်တယ်။ MP3 player နဲ့လည်း အသံဖိုင်တွေကို ဖွင့်နားထောင်ပြီး လေ့လာနိုင်တယ်။
Vocabulix
http://www.vocabulix.com/
အင်္ဂလိပ်စာ၊ ပြင်သစ်နဲ့ စပိန် vocabulary တွေကို vocabulary builder ကတဆင့် လေ့လာနိုင်တယ်။ Verb drills နဲ့ bilingual dictionaries တွေလည်း ထည့်ပေးထားတယ်။ ဒီ site မှာ vocabulary သင်ခန်းစာပေါင်း ၉ဝ လောက်ထည့်ထားပေးတယ်။
Posted by Tin Nyunt
သင်ယူမှုအတတ်ပညာ(စာဖတ်နည်း scanning နှင့် skimming)
အားလုံးပဲမင်္ဂလာနှစ်သစ်မှာပျော်ရွှင်မှုအပေါင်း၊ အောင်မြင်မှုအပေါင်းနဲ့ပြည့်စုံကြပါစေ။ ညီငယ်ညီမငယ်တို့အတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် စာဖတ်နည်းစနစ်နှစ်မျိုးကိုတင်ဆက်လိုက်ပါတယ်။
ကျောင်းသားဘ၀တစ်လျောက်လုံးမှာ စာတွေအများကြီးဖတ်ခဲ့ရတယ်။ နောင်လည်းဖတ်ရဦးမယ်။
စာမေးပွဲတွေအများကြီးဖြေခဲ့ရတယ်။ နောင်လည်းဖြေနေရဦးမယ်။ ဒီတော့ ကျောင်းသားများမသိမဖြစ် လိုအပ်တဲ့စာဖတ်စွမ်းရည်များထဲက အရေးအကြီးဆုံး scanning နဲ့ skimming ဆိုတာကိုရေးချင်ပါတယ်။
ဒီစွမ်းရည်နှစ်ခုကို ကျောင်းသားအများစုကတော့ လေ့လာထားလို့ပဲဖြစ်ဖြစ်၊ မသိစိတ်နဲ့ပဲဖြစ်ဖြစ်
သိထားပြီးသားဖြစ်ပါတယ်။ ဘယ်လိုအသုံးချတယ်၊ ဘာကြောင့်အသုံးချတယ်ဆိုတာကိုသာ တွဲမသိကြတာပါ။  scanning  နဲ့ skimming ဟာ စာအုပ်၊ မဂ္ဂဇင်း၊ သတင်းစာ၊ အင်တာနက်စာမျက်နှာ စသည်တို့ကိုဖတ်ရာမှာ
စာလုံးတိုင်းကိုဖတ်နေစရာမလိုဘဲ လိုချင်တဲ့အကြောင်းအရာ၊ အချက်အလက်ရနိုင်အောင် အမြန်ဖတ်တဲ့
စာဖတ်နည်းနှစ်မျိုးဖြစ်ပါတယ်။ နှစ်မျိုးစလုံးအမြန်ဖတ်တာဖြစ်ပေမယ့် ဖတ်ပုံဖတ်နည်းကွာပါတယ်။
ဖတ်ရတဲ့စာအမျိုးအစား၊ ဖတ်ရတဲ့ရည်ရွယ်ချက်အပေါ်မူတည်ပြီး scan လုပ်မလား skim
လုပ်မလားဆိုတာစဉ်းစားကြရမှာပါ။ ဒီနည်းနှစ်မျိုးကိုထိထိရောက်ရောက်အသုံးချနိုင်ပါက ကျောင်းသားများ
စာမေးပွဲဖြေရာမှာအလွန်အထောက်အကူပြုနိုင်ပါတယ်။ ရာထူးဝင်စာမေးပွဲတွေ၊တက္ကသိုလ်အရည်အချင်း စစ်စာမေးပွဲတွေ၊ IELTS, TOEFL လိုစာမေးပွဲဖြေမယ့်သူများအတွက်တော့ဒီစွမ်းရည်နှစ်ခုဟာသေရေးရှင်ရေး အရးတကြီးလိုအပ်လှပါတယ်။ အင်္ဂလိပ်စာစာမေးပွဲတိုင်းမှာ reading comprehension ပါလေ့ရှိပါတယ်။ မေးခွန်းပုံစံကတော့ True/False ရွေးတာ၊ Matching လုပ်တာ၊ မေးခွန်းကို short
answer, complete answer ဖြေရတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီမေးခွန်းကလေးကိုယ့်ဘာသာကိုမေးကြည့်ပါ။  readingcomprehension ဖြေတဲ့အခါမှာသင်ဟာစာပိုဒ်ကိုအရင်ဖတ်သူလား၊  မေးခွန်းတွေကိုအရင်ဖတ်သူလားလို့။
စာပိုဒ်ကိုအရင်ဖတ်သူဆိုရင်တော့ သင်ဟာဒီအလေ့အထလေးကိုပြင်ဖို့သင့်ပါပြီ။ ဘာကြောင့်လဲဆိုတော့
စာမေးပွဲဟာအချိန်အကန့်အသတ်ရှိတဲ့အတွက် စာပိုဒ်ကိုအရင်ဖတ်နေရင် မေးခွန်းတွေဖြေဖို့ဘယ်လိုမှ အချိန်လောက်မှာမဟုတ်လို့ပါပဲ။
ဆိုကြပါစို့ IELTS စာမေးပွဲမှာဆိုရင် reading test မှာ စာပိုဒ်သုံးပိုဒ် စာလုံးရေ အနည်းဆုံး 2150 ကနေ 2750 ရှိပါတယ်။ ဒါမေးခွန်းကစာလုံးအရည်အတွက်မပါသေးပါဘူး။ ဒီတော့ အနည်းဆုံးစာလုံးရေ ၃၀၀၀လောက်ဖတ်ရမယ်။ မေးခွန်းကစုစုပေါင်းလေးဆယ်၊ ပေးထားတဲ့အချိန်က ၁ နာရီဆိုတော့ မေးခွန်းတစ်ခုကိုဖြေဖို့ အချိန် ၁ မိနစ်ခွဲပဲရပါမယ်။ scanning, skimming မသုံးဘဲ၊ test taking strategies မသုံးဘဲဆယ်တန်းစာမေးပွဲဖြေသလိုဖြေမယ်ဆိုရင်တော့ section တစ်ခုနဲ့တင်အချိန်ကုန်သွားနိုင်ပါတယ်။
Skimming ဆိုတာဘာလဲ
Skimming ဆိုတာ စာတစ်ပိုဒ်၊ တစ်မျက်နှာ၊ (သို့) ဆောင်းပါးတစ်ပုဒ်ကို အမြန်ဖတ်ကြည့်ပြီးတော့ တစ်ခုလုံးရဲ့ topic ယေဘုယျအကြောင်းအရာ ၊ main idea အဓိကဆိုလိုရင်း (သို့) ပဓာနအာဘော်ကိုရှာကြည့်ခြင်းပါပဲ။ Skim
လုပ်တဲ့အခါမှာ ပုံမှန်စာဖတ်နှုန်းထက် သုံးလေးဆ ပိုမြန်မြန်ဖတ်ပြီးခြုံငုံနားလည်အောင်အားထုတ်ရပါတယ်။
အသေးစိတ်တွေကို အာရုံစိုက်မနေပါဘူး။
ဘာအတွက်သုံးသလဲ
  • မနက်အိပ်ယာထလို့ကော်ဖီသောက်ရင်း သတင်းစာကောက်ကိုင်လိုက်မယ်။ (ကျွန်တော်တို့ဆီမှာတော့ သတင်းစာက နေ့လည် တစ်နာရီလောက်မှရောက်တယ်) ဒီကနေ့ကမ္ဘာမှာဘာတွေဖြစ်နေလဲ။ မြန်မာနိုင်ငံမှာသတင်းထူးတွေဘာတွေရှိနေလဲသိချင်တယ်။ ဒါဆို skim လုပ်ရမှာပေါ့။ သတင်းခေါင်းစဉ် (headlines) တွေလိုက်ဖတ်မယ်။ စိတ်ဝင်စားတဲ့သတင်းဆိုရင်ခပ်သွက်သွက်ကလေးဖတ်မယ်။ ပုံတွေကြည့်မယ်။ပုံအောက်ကစာဖတ်မယ်။ စာတစ်မျက်နှာပြီးတစ်မျက်နှာလှန်ကြည့်သွားမယ်။
  • စာအုပ်ဆိုင်မှာကိုယ့်အကြိုက်ဝတ္ထုစာအုပ်တစ်အုပ်ဝယ်ချင်တယ်။ ကောင်းမကောင်းဘယ်လိုဆုံးဖြတ်မလဲ။ဒါဆိုရင်လည်း skim လုပ်ရမှာပဲပေါ့။ စာရေးဆရာနာမည်ကြည့်မယ်။ စာအုပ်ခေါင်းစဉ်ကြည့်တာနဲ့ ဘာအကြောင်း အရာလဲ၊ အချစ်လား၊ အလွမ်းလား၊ သဲထိတ်ရင်ဖိုစွန့်စားခန်းလားသိနိုင်မယ်။ အရေးအသား သိချင်ရင် စာအုပ် ရှေ့ပိုင်းလေးနည်းနည်းဖတ်ကြည့်မယ်။ ကောင်မလေးနဲ့ကောင်လေးဘယ်လိုတွေ့ကြလဲဖတ်ကြည့်မယ်။ ဇာတ်ရှိန်ဘယ်လိုမြင့်လာလဲ။အလယ်ပိုင်းနည်းနည်းဖတ်ကြည့်မယ်။ဘယ်လိုဇတ်သိမ်းသွားလဲ။  နောက်ဆုံးစာမျက်နှာလေးဖတ်ကြည့်မယ်။ ဒါဆိုရင်တော့ ကိုယ်လိုချင်တဲ့ အဖြေရပြီပေါ့။ ဒါတွေဟာ နေ့စဉ်ဘ၀ထဲမှာskimလုပ်ပြီးစာဖတ်ရတဲ့ဥပမာတွေ ပဲပေါ့။ ကျောင်းသားတွေအတွက် ဆိုရင်လည်း အများကြီးပါ။ မေးခွန်းကိုကြည့်ပြီး skim လား scan လား ဆုံးဖြတ်နိုင်ပါတယ်။
Skimming ဘယ်လိုလုပ်မလဲ
* ခေါင်းစဉ်ကိုဖတ်ပါ။
* နိဒါန်း သို့မဟုတ် ပထမစာပိုဒ်ကိုဖတ်ပါ။
* စာပိုဒ်တိုင်းရဲ့ ပထမစာကြောင်းကိုဖတ်ပါ။
* ခေါင်းစဉ်တွေ ခေါင်းစဉ်ခွဲတိုင်းကိုဖတ်ပါ။
* ဓါတ်ပုံ၊ ဇယား၊ သရုပ်ပြပုံ၊ ဂရပ်တွေကြည့်ပါ။
* စာလုံးစောင်းတွေ၊ မျည်းသားထားတာတွေ၊ စာလုံးမည်းတွေကို ဂရုစိုက်ပါ။
* နောက်ဆုံးအကျဉ်းချုပ်(ပါလျှင်)၊ နောက်ဆုံးစာပိုဒ် ကိုဖတ်ပါ။
ဒါတွေဟာ skim လုပ်ရာမှာသုံးနိုင်တဲ့နည်းစနစ်ဘောင်လေးတစ်ခုပါ။ ကိုယ့်စိတ်ကြိုက်နည်းတွေလည်းစမ်းသပ်နိုင်ပါတယ်။ ဖတ်တဲ့အခါမှာ မျက်လုံးက စာကြောင်းရဲ့ ဘယ်ကနေညာကိုအမြန်ရွှေ့သွားပြီးဖတ်ပါတယ်။ မသိတဲ့စကားလုံးချန်ထားခဲ့ပါ။ function words တွေဖြစ်တဲ့ preposition, pronouns, conjunction, particles စတာတွေကိုမလိုအပ်ရင်ကျော်ဖတ်သွားပါ။ တစ်ချို့ကျတော့ လက်ညှိုးသို့မဟုတ် ဘောပင်ကိုစာရွက်ပေါ်မှာ ဘယ်ညာပြေးပြီးအဲဒီနောက်ကိုမျက်လုံးကလိုက်ဖတ်တတ်ပါတယ်။
Scanning ဆိုတာဘာလဲ
Scanning ဆိုတာစာထဲက ကိုယ်လိုချင်တဲ့အချက်အလက်တစ်ခုကိုအလျင်အမြန်ရှာဖွေနည်းဖြစ်ပါတယ်။ scan
လုပ်တဲ့အခါမှာ ကိုယ့်ခေါင်းထဲမှာမေးခွန်းတစ်ခုရှိနေရပါတယ်။ ဒီမေးခွန်းကိုဖြေနိုင်ဖို့စာပိုဒ်ထဲမှာလိုက်ရှာရပါတယ်။
မေးခွန်းရဲ့အဖြေမဟုတ်တဲ့၊ မဆိုင်တဲ့အရာတွေကိုဖယ်ထုတ်ပစ်ရပါတယ်။ skimming ယျေဘုယကိုရှာတယ်ဆိုရင် သူက အတိအကျကိုရှာပါတယ်။ scanning ဟာ ဖတ်တယ်ဆိုတာထက် ရှာတယ်လို့ဆိုရင်ပိုမှန်ပါလိမ့်မယ်။
ဘာအတွက်သုံးသလဲ
  • ဆီဒိုးနားဟိုတယ်ရဲ့ဖုံးနံပါတ်လိုချင်တယ်ဆိုပါစို့။ Yangon Directory သို့မဟုတ် YllowPages တစ်အုပ် ကောက်ကိုင်လိုက်မယ်။ ဟိုတယ်ဆိုတော့ H နဲ့စတဲ့စာမျက်နှာကိုတန်းဖွင့်လိုက်မယ်။ Ha ကနေHiနဲ့စတာတွေကိုယ်မလိုဘူး။ Hotelဆိုတာတွေရင် Se နဲ့စတာကိုခုန်ကျော်ကြည့် မယ်။ တွေ့ရင်ခေါင်းစဉ်တွေ၊ ကြော်ညာစာသားတွေ၊ သူ့ရဲ့ဝန်ဆောင်မှုအကြောင်းရေးထား တာတွေကြည့်ဖို့မလိုဘူး။ ဆက်သွယ်ရန် ဆိုတဲ့နားကဂဏန်းဟာ ကိုယ့်မေးခွန်းရဲ့အဖြေဆိုတာသိလိုက်ပြီ။
  • မနေ့ညက ကန်ခဲ့တဲ့ ရီးရဲမက်ဒရစ်နဲ့ဘာစီလိုနာတို့ရဲ့ပွဲမှာ ဘယ်သူနိုင်သလဲ။ ဘယ်နှဂိုးသွင်းသလဲ၊ ဘယ်သူသွင်းသလဲသိချင်တယ်။ ဘောလုံးဂျာနယ်တစ်စောင်ယူလိုက်မယ်။ မျက်နှာဖုံးမှာ ရီးရဲ-ဘာစီ ဆိုတဲ့ခေါင်းစဉ်ကြီးကိုရှာတယ်။ ခေါင်းစဉ်ရဲ့ဘေးနားမှာ စာမျက်နှာနံပါတ်ရေးထားမယ်။ အဲဒီစာမျက်နှာကို တန်းလှန်မယ်။ ဘယ်သူနိုင်သလဲ ဆိုတော့အသင်းနာမည်၊ ဘယ်နှဂိုးဆိုတော့ ဂဏန်း၊ ဘယ်သူသွင်းသလဲဆိုတော့ ဘောလုံးသမားနာမည် စတာတွေကို လိုက်ရှာမယ်။ ဒါဟာလည်းနေ့စဉ်ဘ၀ထဲက scan လုပ်တဲ့ဥပမာတွေပါပဲ။
Scanning ဘယ်လိုလုပ်မလဲ
* ကိုယ်ရှာချင်တာဟာဘာလဲဆိုတာသိအောင်လုပ်ရမယ်။ နာမည်လား၊ ကိန်းဂဏန်းလား၊ နေ့စွဲလား။
* အဖြေဟာဘယ်နေရာလောက်မှာ ရှိနိုင်သလဲ ဘယ်လိုပုံစံနဲ့ရှိနိုင်လဲဆိုတာ ခန့်မှန်းကြည့်ပါ။ ဥပမာ 
  သမ္မတကြီးအေဗရာဟမ်လင်ကွန်းအကြောင်းရေးထားတဲ့စာအုပ်ထဲမှာ သူရဲ့မွေးသက္ကရစ်ကိုသိချင်ရင် မာတိကာ  
  (Table of Content) မှာ Early Life ဆိုတဲ့ကဏ္ဍမှာရှိမှာပါ။အဲဒီကဏ္ဍရှိတဲ့စာမျက်နှာကိုရှာရ
  ပါမယ်။ မွေးသက္ကရစ်ဆိုတော့ဂဏန်းခြောက်လုံး၊ သို့မဟုတ် ရက်-လ-နှစ် ဂဏန်းနဲ့စာတွဲထားတာပဲဖြစ်ရ
  မယ်ဆိုတာခန့်မှန်းတတ်ရပါမယ်။
* ကိုယ်ရှာချင်တဲ့အချက်အလက် ရှိနေနိုင်တဲ့ ခေါင်းစဉ်ခွဲတွေ၊ရှာဖွေရာမှာတခြားအထောက်အကူပြုမယ့် 
   အရာတွေကိုအသုံးချပါ။
* လိုအပ်တာပဲရွေးဖတ်ပါ။
scan လုပ်ရာမှာ skim လုပ်သလိုမျိုးပဲ လက်ညှိုးသို့မဟုတ် ဘောပင်သုံးကာ ဘယ်ညာ၊ ထက်အောက် ဖြစ်စေဒေါင့်ဖြတ်ဖြစ်စေ ဖတ်နိုင်ပါတယ်။ တစ်ချို့ကျတော့လည်းဒါကိုသဘောမကျဘူး။ ကျွန်တော်တက္ကသိုလ်မှာတုန်းက အတန်းထဲကသူငယ်ချင်းတစ်ယောက်က ဒီလိုမျိုး ဘောပင်လေးထောက်ပြီးဖတ်လေ့ရှိတယ်။ ဒါကို ဆရာမတစ်ယောက်က irritating reading habit လို့ဝေဖန်ပါတယ်။ အဲဒီနေ့ကျောင်းကပြန်အရောက်မှာပဲ ကျွန်တော် အင်တာနက်မှာ speed reading, reading teachniques စတာတွေကိုရှာဖတ်ပါတယ်။ အဲဒီလိုဖတ်လိုက်မှပဲ အဲဒီဆရာမပြောတာ ၁၀၀ % မမှန်ဘူးဆိုတာနားလည်လိုက်ပါတယ်။ skimming aid အဖြစ် လက်ညှိုးသို့မဟုတ် ဘောပင်သုံးတာထောက်ခံတဲ့ဆောင်းပါးတွေအများကြီးပါ။ မထောက်ခံတဲ့ဆောင်းပါးတွေလည်းရှိပါတယ်။
ဆိုလိုချင်တာက မြတ်စွာဘုရားရဲ့ ကာလမသုတ် ထဲကလို ကိုယ်တိုင်ကျိုးကြောင်းဆင်ခြင်စမ်းသပ်ဖို့လိုပါတယ်။
ကျွန်တော်ရေးတဲ့ဆောင်းပါးတွေဟာလည်း ကျွန်တော့်ရဲ့တစ်ထွာတစ်မိုက်ပညာလေးနဲ့ရေးထားတာဖြစ်တဲ့အတွက်
ချို့ယွင်းချက်တွေအများကြီးရှိမှာပါ။ စာဖတ်သူများအနေနဲ့ကျွန်တော့်စာထဲကအချက်အလက်တစ်ချို့ကို ဖတ်ပြီးဆက်လက်စမ်းစစ်ကြည့်ချင်စိတ်၊ လေ့လာချင်စိတ်ပေါ်လာရင်ရေးရကျိုးနပ်ပြီလို့ယူဆပါတယ်။
speed reading
content words and function words
key words
စတာတွေကိုရှာဖွေမြည်းစမ်းကြည့်ပါဦးလို့တိုက်တွန်းလိုက်ပါတယ်။
ဇာနည်(MyWay!)