Monday, May 28, 2012

Mobile Broadband အကြောင်း သိကောင်းစရာ

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက အင်တာနက်ဆိုတာ ကျွန်တော်တို့ဘဝမှာ မရှိမဖြစ် အရေးပါလာတယ်။  တစ်နေ့တစ်နေ့ အီးမေးလ်မှ မစစ်ရရင် မနေနိုင်သူတွေ၊ သိချင်တာတွေကို အင်တာနက်ထဲမှာ Google ကို ဖွင့်ပြီးတော့ မရှာရရင် စိတ်မချချင်တဲ့ သူတွေ၊ အွန်လိုင်းမှာ ဗီဒီယိုနဲ့ ရုပ်သံကြား စကားမှ မပြောရရင် မနေနိုင်သူတွေ၊ YouTube နဲ့ Facebook ကိုမှ တစ်နေ့ တစ်နာရီလောက် မထိုင်ရရင် ဘဝင်မကျချင်သူတွေ ပေါလာတယ်။

 

အထက်မှာ ကျွန်တော်ဖော်ပြခဲ့တဲ့ ဆန္ဒတွေအားလုံးဟာ broadband လို့ခေါ်တဲ့ မြန်နှုန်းမြင့် ဆက်သွယ်ရေးစနစ်နဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေပါတယ်။ ၂၀၀၇ ခုနှစ်လောက်ကတည်းက ဆန်းစစ်ချက်တစ်ခုမှာ အမေရိကန်နိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းသော အင်တာနက်သုံးတဲ့ လူကြီးတွေဟာ broadband စနစ်ကို အိမ်မှာ သုံးနေကြတယ်လို့ ဆိုတယ်။

 

အင်တာနက်ကို လူတွေ ဘာကြောင့်သုံးကြသလဲဆိုတော့ သတင်းအချက်အလက်တွေ ရယူချင်လို့၊ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ချင်လို့၊ ဖျော်ဖြေရေးအတွက် သုံးချင်လို့ဆိုတဲ့ အကြောင်းပြချက်တွေဟာ အများဆုံး ဖြစ်နေပါတယ်။

 

၂၀၀၈ ခုနှစ် အစီရင်ခံစာတစ်ခုမှာ (Pew Internet & American Life Project) အမေရိကန် ၅၈ ရာခိုင်နှုန်းလောက်ဟာ ဆဲလ်ဖုန်း သို့မဟုတ် ပီဒီအေလို့ခေါ်တဲ့ လက်ကိုင်ကွန်ပျူတာလေးတွေကို အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်ကတော့ အီးမေးလ်တွေ ပို့ဖို့နဲ့ ဗီဒီယိုဖိုင်တွေကို ကူးယူဖို့ အသုံးပြုကြတာ များတယ်။ အဲဒီအချိန်မှာပဲ ၄၁ ရာခိုင်နှုန်းသော အမေရိကန်တွေဟာ Wi-Fi ရတဲ့ လက်ပ်တော့ကွန်ပျူတာတွေနဲ့ အခြား မိုဘိုင်းပစ္စည်းတွေကို သုံးပြီး သွားရင်းလာရင်း အင်တာနက်ကို သုံးနေကြပါတယ်။

 

 

လက်ရှိအနေအထားမှာ မိုဘိုင်းပစ္စည်းတွေကနေ အင်တာနက်သုံးနိုင်ဖို့

 

 

- Wi-Fi ရတဲ့ လက်ပ်တော့ကွန်ပျူတာ သို့မဟုတ် လက်ကိုင်ပစ္စည်းတစ်ခုခု ရှိရမယ်။ ဒါဆိုရင် အီးမေးလ်ပို့နိုင်၊ စစ်နိုင်မယ်။ အင်တာနက်ကို အခမဲ့ သုံးနိုင်မယ်။ နိုင်ငံခြားလေဆိပ်၊ ကဖေး၊ စာအုပ်ဆိုင်နဲ့ မြို့လယ်ကောင်တွေမှာ အင်တာနက်ကို Wi-Fi ရရင် အခမဲ့ သုံးနိုင်တယ်။

 

- WAP (Wireless Application Protocol) ရတဲ့ ဆဲလ်ဖုန်းတွေနဲ့ သုံးနိုင်တယ်။ WAP ဆိုတာ နိုင်ငံတကာစံဖြစ်ပြီးတော့ ကြိုးမဲ့ ဆက်သွယ်ရေး စနစ်အတွက် အများဆုံး အသုံးပြုတဲ့ စံလည်း ဖြစ်တယ်။

 

- Black Berry Phone နဲ့ iPhone သို့မဟုတ် အခြား Smart Phone တွေကို ဝယ်ပြီး WAP နဲ့ website တွေကို ဝင်နိုင်တယ်။ Speed နှေးတယ်။ ရိုးရိုးပဲရပြီး ဗီဒီယို၊ အသံ၊ ဂရပ်ဖစ်တွေ မရဘူး။ အီးမေးလ်နဲ့ အင်တာနက်ရိုးရိုးကို အမြန်ရတယ်။

 

ခုဆိုရင် အမေရိကန်နိုင်ငံတွင်းမှာရှိတဲ့ ဆဲလ်ဖုန်းဝန်ဆောင်မှု ကုမ္ပဏီတွေက DSL အရည်အသွေးနဲ့ speed ကို မိုဘိုင်းပစ္စည်းတွေနဲ့ signal တွေ ဖမ်းမိနိုင်ဖို့ တိုးမြှင့်ဆောင်ရွက်ပေးနေပါတယ်။ လက်ပ်တော့ကွန်ပြူတာတွေပါ ရမယ်လို့ဆိုတယ်။

 

Mobile Broadband Technology  (မိုဘိုင်း ဘရော့ဘန်း နည်းပညာ)

 

မိုဘိုင်း ဘရော့ဒ်ဘန်းဆိုတာ ဆဲလ်ဖုန်းတွေမှာ အလုပ်လုပ်တဲ့ နည်းပညာနဲ့ အတူတူဖြစ်ပါတယ်။ သူတို့အားလုံး ရေဒီယိုလှိုင်းနဲ့ ဖရီကွင်စီတွေနဲ့ အလုပ်လုပ်ကြပါတယ်။ ဆဲလ်ဖုန်းတွေနဲ့ ဆဲလ်ဖုန်းရေဒီယို တာဝါတိုင်ကြီးတွေက ဒစ်ဂျစ်တယ် အချက်အလက်တွေကို packet လိုက် ရေဒီယိုလှိုင်းတွေက တစ်ဆင့် အပြန်အလှန် သယ်ယူပို့ဆောင်ပေးနေပါတယ်။ ဖုန်းခေါ်ရင်လည်း အဲဒီ အချက်အလက် packet တွေကို ဒေတာတွေနဲ့အတူ တစ်ပြိုင်တည်း သယ်ဆောင်သွားတတ်တယ်။ မိုဘိုင်း ဘရော့ဒ်ဘန်းကတော့ အဲဒီ packet တွေကို အသံဒေတာတွေနဲ့အတူ တစ်ပြိုင်တည်း သယ်ဆောင်သွားတတ်တယ်။ မိုဘိုင်းဘရော့ဒ်ဘန်းကတော့ အဲဒီ packet တွေကို အခြား ဒေတာအမျိုးအစားတွေ ဖြစ်တဲ့ အီးမေးလ်၊ web page တွေနဲ့၊ သီချင်းဖိုင်၊ ဗီဒီယိုဖိုင်တွေအဖြစ် သယ်ဆောင်ပေးပါတယ်။

 

ဆဲလ်ဖုန်း network တွေကို လုပ်ဆောင်နိုင်စေတဲ့ နည်းပညာနှစ်ခု ရှိပါတယ်။ အဲဒါတွေကတော့ GSM (Global System for Mobile Communications) နဲ့ CDMA (Code Division Multiple Access) တွေပဲ ဖြစ်ပါတယ်။

 

GSM က ဥရောပနဲ့ အာရှတွေမှာ ခေတ်စားပြီးတော့၊ CDMA ကတော့ အမေရိကန်တွေ အသုံးများတယ်။ အဲဒီ နည်းပညာနှစ်ခု ကွာခြားချက်ကတော့ ရေဒီယိုအသံလှိုင်းစဉ် ပို့လွှတ်တဲ့ space ချင်း ကွာခြားပါတယ်။ GSM နဲ့ CDMA မှာ algorithms ချင်း ကွာပါတယ်။ ဆဲလ်ဖုန်းတွေကို လူတွေအများကြီး ပြုံသုံးနေကြပေမယ့် တူညီတဲ့ ရေဒီယိုဖရီကွင်စီနဲ့ပဲ မျှဝေထားတဲ့အတွက်ကြောင့် တစ်ဦးနဲ့တစ်ဦး အနှောင့်အယှက် မဖြစ်စေနိုင်ပါဘူး။

 

မိုဘိုင်းဘရော့ဒ်ဘန်းကို 3G လို့လည်း ခေါ်ကြသေးတယ်။ တတိယမျိုးဆက် ဆဲလ်ဖုန်းနည်းပညာ (third-generation cell-phone technology) ကို အတိုကောက် 3G လို့ပဲ သုံးကြတယ်။ GSM ရော CDMA နှစ်ခုစလုံး သူတို့ပိုင် 3G နည်းပညာတွေ ရှိကြတယ်။ မိုဘိုင်းပစ္စည်းတွေက တစ်ဆင့် အင်တာနက် ရရှိနိုင်ဖို့ 3G နဲ့ လုပ်ဆောင်ပေးနိုင်တယ်။

 

CDMA ကို အခြေခံတဲ့ မိုဘိုင်းဘရော့ဒ်ဘန်း နည်းပညာကို EV-DO (Evolution-Data Optimized or Evolution-Data Only) လို့လည်း ခေါ်သေးတယ်။ EV-DO ရဲ့ ထူးခြားချက်က ဆယ်လူလာ network ရဲ့ အစိတ်အပိုင်း တစ်ခုတည်းနဲ့ ဒေတာတွေ အားလုံးကို သယ်ပို့နိုင်ခြင်း ဖြစ်ပါတယ်။ အသံနဲ့ ပြောရတဲ့ (voice call) တွေမှာ bandwidth တွေ အများကြီးလိုပါတယ်။ များမှ အသံအရည်အသွေး ကောင်းတတ်ပါတယ်။ အသံလှိုင်း (voive channel) တွေကနေ ဒေတာလှိုင်း (data channel) တွေကို ခွဲထုတ်ခြင်းဖြင့် ဒေတာတွေကို ကူးပြောင်းလွှဲပို့ရာမှာ ပိုပြီး မြန်ဆန်စေပါတယ်။ အထူးသဖြင့် အီးမေးလ်၊ အင်တာနက်နဲ့ မာလ်တီမီဒီယာတွေမှာ ပိုပြီး အမြန်နှုန်း ရလာတယ်။ အဆင်မပြေတာ တစ်ခုက ဆဲလ်ဖုန်းပြောနေရင် အင်တာနက်သုံးလို့ မရဘူး။ EV-DO ရဲ့ ပျမ်းမျှ speed က 3000-4000 Kbps (kilobytes per second) ရှိတယ်။ DSL နဲ့ အတူတူလောက်ပဲ ရှိတယ်။

 

ED-VO network ကို သုံးချင်ရင် ED-VO ကို ရအောင်လုပ်ထားတဲ့ ဟာ့ဒ်ဝဲနဲ့သုံးမှ အဆင်ပြေတယ်။ ဥပမာ BlackBerry ဖုန်းနဲ့ အခြား စမတ်ဖုန်းတွေကို ဆိုလိုပါတယ်။ လက်ပ်တော့နဲ့ သုံးမယ်ဆိုရင်လည်း အထူးပြုလုပ်ထားတဲ့ network ကတ်ကို ထည့်သုံးမှ ရတယ်။ အဲဒီ network ကတ်ကို USB port သို့မဟုတ် PC ကတ် slot တွေမှာ တပ်ဆင်ပြီး antenna တိုင်တွေ ထုတ်မှ မိုဘိုင်းဘရော့ဒ်ဘန်းရဲ့ signal တွေကို ဖမ်းနိုင်တယ်။ အမြန်ဆုံး download နဲ့ upload တွေကို ရယူချင်ရင် အဲဒီ ED-VO ဆယ်လူလာ signal ခွင် အတွင်း ရောက်နေဖို့တော့ လိုတယ်။ 1xRTT (Radio Transfer Technology) standard ကို သုံးထားတဲ့ လှိုင်းခွင်အတွင်းမိမှ အမြန်နှုန်းကို 60Kbps မှ 100Kbps အတွင်းကို ရနိုင်လိမ့်မယ်။

 

GSM သုံးနိုင်တဲ့ ED-VO ကို HSDPA (High-Speed Downlink Packet Access) လို့လည်း ခေါ်သေးတယ်။ ED-VO နဲ့ HSDPA မတူတဲ့အချက်က HSDPA network မှာ အသံရော ဒေတာကိုပါ တစ်ပြိုင်တည်း ကူးပြောင်းသယ်ဆောင်နိုင်တဲ့ အချက်ပဲ။ ဒါကြောင့် စကားလည်းပြော၊ အင်တာနက်လည်း တစ်ပြိုင်တည်း သုံးနိုင်တယ်။ အထူးသဖြင့် ဒေတာတွေကို upload လုပ်ရတာထက် download လုပ်ရတဲ့ အမြန်နှုန်းက ပိုကောင်းတတ်တယ်။ HSDPA ရဲ့ ပျမ်းမျှ download speed က 400Kbpd မှ 700Kbps လောက်အထိ ရတတ်တယ်။

 

ED-VO လိုပဲ HSDPA ကိုသုံးရင် အထူး စီမံပြုလုပ်ထားတဲ့ ဟာ့ဒ်ဝဲလိုတယ်။ လက်ပ်တော့နဲ့ တွဲသုံးရင်လည်း HSDPA ကို ထည့်ပြီးမှ သုံးနိုင်တယ်။ များသောအားဖြင့် မြို့တွင်းနဲ့ အဓိကကျတဲ့ အဝေးပြေး လမ်းမကြီးပေါ်မှာ အသုံးပြုနိုင်တယ်။

 

Ref:How Mobile Broadband Services Work,by Dave Roos

ဒေါက်တာဦးမြင့်၏ ရန်ကုန်တက္ကသိုလ် အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ အကြံပေးများ ရှင်းလင်းပွဲပြုလုပ်

7349
ရှင်းလင်းပွဲမြင်ကွင်း

 

ဒေါက်တာဦးမြင့်၏ ရန်ကုန် တက္ကသိုလ် အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အိတ်ဖွင့် ပေးစာနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတအကြံပေးများက ရှင်းလင်းပွဲ တစ်ရပ်ကို မေလ ၂၄ ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်သမ္မတ အကြံပေး အဖွဲ့ရုံးခန်းတွင် ပြုလုပ်သည့် ရှင်းလင်းပွဲ၌ ရန်ကုန်တက္ကသိုလ်၏ အ စဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည် ထွန်းပြောင်လာစေရန် တည်ဆောက် ထူထောင်ရေးမှာ ဒေါက်တာဦးမြင့် နှင့်တကွ ကျောင်းသားကျောင်းသူ အဟောင်းအသစ်များ၊ ဆရာဆရာမ အဟောင်းအသစ်များ လိုလားတောင့်တကြသကဲ့သို့ နိုင်ငံတော်ကလည်း အထူးလိုလား ဆန္ဒရှိသည့်ကိစ္စဖြစ် ကြောင်း၊ စင်စစ်၌ ရန်ကုန်တက္ကသိုလ်သာမက တစ်နိုင်ငံလုံးရှိ တက္ကသိုလ် အားလုံးကို နိုင်ငံတကာအဆင့်နှင့် ရင်ပေါင်တန်းနိုင်သည့် တက္ကသိုလ်များ ဖြစ်လာစေလိုသည့် ဆန္ဒရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ရန်ကုန်တက္ကသိုလ် တစ်ခုတည်းကိုသာ အထူးတလည်ဦးစားပေး တည်ဆောက်ပြီး ကျန်တစ်ပြည်လုံးရှိ တက္ကသိုလ်များကို မျက်ကွယ်ပြုထား၍ မဖြစ်နိုင်ပါကြောင်း နိုင်ငံတော် သမ္မတရုံး၏ ရှင်းလင်းထုတ်ပြန်ချက် ကို နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ဖတ်ကြားခဲ့သည်။

ဒေါက်တာဦးမြင့်၏ အိတ်ဖွင့် ပေးစာမှာ ယင်း၏ ပုဂ္ဂလိက ဆန္ဒအလျောက် ရေးသားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတရုံး အနေဖြင့် ကြိုတင် သိရှိခြင်းလည်း မရှိ၊ နိုင်ငံတော် သမ္မတရုံး၏ သဘောထား တစ်စုံတစ်ရာ ထင်ဟပ်ခြင်းလည်း မရှိပါကြောင်း ဦးကိုကိုလှိုင်က ပြောကြားခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင် နိုင်ငံတော်နှင့် ပြည်သူသို့ အိတ်ဖွင့်ပေးစာ ပေးခဲ့သော ဒေါက်တာဦးမြင့် တက်ရောက်ခြင်း မရှိဘဲ အခြားနိုင်ငံတော် သမ္မတအကြံပေးများက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။


စင်စစ်၌ ရန်ကုန်တက္ကသိုလ်သာမက တစ်နိုင်ငံလုံးရှိ တက္ကသိုလ် အားလုံးကို နိုင်ငံတကာအဆင့်နှင့် ရင်ပေါင်တန်းနိုင်သည့် တက္ကသိုလ်များ ဖြစ်လာစေလိုသည့် ဆန္ဒရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ရန်ကုန်တက္ကသိုလ် တစ်ခုတည်းကိုသာ အထူးတလည်ဦးစားပေး တည်ဆောက်ပြီး ကျန်တစ်ပြည်လုံးရှိ တက္ကသိုလ်များကို မျက်ကွယ်ပြုထား၍ မဖြစ်နိုင်ပါကြောင်း

"ကျွန်တော်လည်း မနေ့ကမှ ပြည်ပခရီးက ပြန်ရောက်တာပါ။ ဒီနေ့ ညနေလည်း ပြန်ထွက်ရဦးမှာပါ။ ကျွန်တော် သိတာကတော့ နိုင်ငံ တော်သမ္မတကြီးရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က နေပြည်တော်ကို ရောက်နေပါတယ်။ ကျွန်တော်က ညွှန်ကြားချက်အရ ရှင်းလင်းပြောကြားခြင်းဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြောကြားခဲ့ ပါသည်။

ထို့နောက် တက်ရောက်လာသည့် သတင်းထောက်များ၏ မေးမြန်းချက်တို့အား ဦးကိုကိုလှိုင်က ပြန်လည်ဖြေကြားပေးခဲ့ရာတွင် ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့် ဦးမှာ မေလ ၃ ရက်နေ့တွင် ထွက်ရှိလာသော အမိန့်အရ တရားဝင်ရာထူး၌ ရှိနေဆဲဖြစ်ကြောင်း၊ မိုးစရွာ နေပြီဖြစ်သဖြင့် လျှပ်စစ်မီးကိစ္စ မကြာ မီပြေလည်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"သက်ဆိုင်ရာက အကောင်းဆုံးဖြစ်အောင်လုပ်နေကြတယ်။ အမြန်ဆုံးဖြစ်အောင် လုပ်နေကြတယ်။ မိုးရွာတာနဲ့ Voltage ထုတ်နိုင်တဲ့ Power တက်လာပြီ။ မိုးမရွာရင် ရေအားလျှပ်စစ်က Run  လို့ မရဘူး။ ရေ နဲ့ Run  ရတာ ဖြစ်တဲ့အတွက် ရေမရှိရင်ဘာမှ မဖြစ်ဘူး။ မိုးက အခုဆို တော်တော် စရွာနေပြီ။ မကြာမီ ပြေလည်သွားမှာပါ"ဟု  ဦးကိုကိုလှိုင်က  ပြောကြားခဲ့သည်။

"ဂျပန်မှာ Nuclear Facility တွေပျက်သွားတယ်။ အဲဒါနဲ့ကြောက်လန့်ပြီး Nuclear Plant တွေ အကုန် ပိတ်တယ်။ အခု စက်ရုံ ၄၀ မှာ နှစ်ခု ပဲ ကျန်တယ်။ ဒါပေမယ့် ဂျပန်မှာ မီးမပျက်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူကခြိုးခြံချွေတာတယ်။ အဲဒီတော့ စေတနာနဲ့ပြောချင်တာက ကျွန်တော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာ ကိုယ်ထွန်းပြီး မီးလေး ပိတ်ထားလိုက်ကြပါ။ အားလုံး အဆင်ပြေ သွားပါလိမ့်မယ်"ဟု နိုင်ငံတော်သမ္မတ အကြံပေး ဦးကိုကိုလှိုင်က ဆက်လက်ပြောကြားခဲ့ပါသည်။

"ဆန္ဒပြတယ်ဆိုတဲ့ကိစ္စသည် ပြည်သူတွေရဲ့ဆန္ဒကို ဒီမိုကရေစီ နိုင်ငံတွေမှာ ဖော်ပြတာထုံးစံပဲ။ သို့သော် ဥပဒေနဲ့အညီဖြစ်ဖို့ လိုတယ်။ ဥပဒေက ခွင့်ပြုထားတဲ့ အတိုင်းအတာအတိုင်း ဆန္ဒပြလို့ရတယ်။ နိုင်ငံတကာမှာလည်း ဥပဒေအရ ခွင့်ပြုထားတာက မတ်တပ်ရပ်လမ်းလျှောက် ပြီး ဆန္ဒပြရင်ရတယ်။ ထိုင်လို့ရှိရင် ဆွဲတာပဲ။ နိုင်ငံတကာမှာ ပန်းခြံထဲမှာ ထိုင်ပြီး ဆန္ဒပြလို့ ပြန်ထွက်လာရင် ဆွဲတာပဲ။  ဥပဒေနဲ့အညီ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ လိုပါတယ်"ဟု ပြော ကြားခဲ့သည်။

"တကယ်တမ်းပြောရရင် ဥပဒေက ထွက်ပြီးသား။ နည်းဥပဒေ မထွက်သေးဘူး။ တကယ်လို့ ဆန္ဒပြချင်တယ်ဆိုရင် သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားပြီး ခွင့်ပြုချက်တောင်းရမယ်"ဟု ဦးကိုကိုလှိုင် က ဆက်လက်ပြောကြားခဲ့သည်။

ပြန်လည်ဖြေကြားပေးခဲ့သည့် အနက် ၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် အာဆီယံဆီးဂိမ်းပြိုင်ပွဲအတွက် တင်းနစ်ကွင်းများကို နိုင်ငံတကာ အဆင့်မီအောင်မြှင့်တင် တည်ဆောက်မည်ဆိုခြင်းမှာ ရန်ကုန်တက္ကသိုလ်ပိုင် တင်းနစ်ကွင်းများအား ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များလက်သို့ ၀ကွက်အပ်လိုက်ခြင်း မဟုတ်ကြောင်း  ဦးကိုကိုလှိုင်က ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ ရန်ပုံငွေမှ လက်ရှိတင်း နစ်ကွင်းများကို ပြိုင်ပွဲဝင် စံချိန်မီရေး အဆင့်မြှင့်တင်ခြင်းသာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီး ဌာန (သို့မဟုတ်) တက္ကသိုလ်အနေ ဖြင့် ရန်ပုံငွေမသုံးစွဲရဘဲ ကွင်းသစ်အ ဆောက်အအုံများ ရရှိပိုင်ဆိုင်သွားမည်ဖြစ်ကြောင်း၊ အားကစားပွဲပြီး လျှင် တက္ကသိုလ်ပိုင်ကွင်းများ အဖြစ်သာရှိပြီး တက္ကသိုလ်များမှ ဆရာ ဆရာမ ကျောင်းသားကျောင်းသူများ က ကစားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါရှင်းလင်းပွဲသို့ နိုင်ငံတော် သမ္မတအကြံပေး ဦးကိုကိုလှိုင် အပါအ၀င် နိုင်ငံတော်သမ္မတ အကြံပေးများဖြစ်သည့် ဒေါက်တာနေဇင်လတ်၊ ဦးစစ်အေးနှင့် ဒေါ်ခင်မျိုးမြင့် တို့ တက်ရောက်ခဲ့သည်။